

၅. ၁. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ၌ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၇/၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတို့က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ) နှင့်အညီ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ချင်းပြည်နယ်အတွင်း မဲအများဆုံးရရှိသူအနိုင်ယူစနစ်တွင် ဇိုမီးအမျိုးသားပါတီမှ ၁ ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦး အနိုင်ရရှိခဲ့သည်။ ချင်းပြည်နယ် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၄ ဦးနှင့် ဇိုမီးအမျိုးသားပါတီမှ ၂ ဦး အနိုင်ရရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း မဲအများဆုံးရရှိသူအနိုင်ယူစနစ်တွင် ရခိုင့်ဦးဆောင်ပါတီမှ ၁ ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး အနိုင်ရရှိခဲ့သည်။ ရခိုင်ပြည်နယ် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ် (၁)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂ ဦးနှင့် ရခိုင့်ဦးဆောင်ပါတီမှ ၁ ဦးအနိုင်ရရှိခဲ့ပြီး မဲဆန္ဒနယ် (၂)တွင် ရခိုင်တိုင်းရင်းသားပါတီမှ ၂ ဦးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦး အနိုင်ရရှိခဲ့သည်။
