
◾️ဈေးပြိုင်တင်ဒါပုံစံနှင့် စည်းကမ်းချက်ူကို တစ်စုံလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ဇန်နဝါရီ ၅ ရက်မှစတင် ဝယ်ယူနိုင်
၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းတွင် အသုံးပြုရန် နှစ်လက်မ ပတ်လည်အရွယ် ရွှေဆိုင်းပေါင်း ၂၅,၀၀၀ ကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြေညာထားသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ၂၀၂၆ ခုနှစ်အတွင်း ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း လုပ်ငန်းများတွင် အသုံးပြုရန် (၂”x ၂”) အရွယ် ရွှေရာဆိုင်း မြန်မာ့ရိုးရာလက်မှု ရွှေဆိုင်း ၁၀,၀၀၀ ဆိုင်းနှင့် စက်မှုရွှေဆိုင်း ၁၅,၀၀၀ ဆိုင်းကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်သည်။
တင်ဒါခေါ်ယူထားသော ရွှေဆိုင်းများတွင် ပါဝင်ရမည့်ရွှေအမျိုးအစား အလေးချိန် သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး MT News မှ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာတွင် “အခုဇန်နဝါရီ ၅ ရက်နေ့မှာစပြီး တင်ဒါစည်းမျဉ်းစည်းကမ်း ရောင်းမှာဖြစ်တဲ့အတွက် အဲတော့မှပဲ ဝယ်ပြီးဖတ်ပါ။ အဲဒီတင်ဒါဖောင်ထဲမှာ ရွှေစင်ရွှေပြားရဲ့ အလေးချိန်နဲ့ အမျိုးအစားတွေ ပါပါတယ်”ဟု တာဝန်ရှိသူက ပြောကြားသည်။
ရွှေဆိုင်းရောင်းချလိုသူများအနေဖြင့် ဈေးပြိုင်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၅၀,၀၀၀ နှုန်းဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ ဂေါပကအဖွဲ့ရုံး၊ ရွှေနှင့်ရတနာဌာန၌ ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။
တင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ ၁ နာရီတွင် ရင်ပြင်တော် တောင်ဘက်ရှေးဟောင်းဗုဒ္ဓရုပ်ပွါးတော်များ တန်ဆောင်း၌ ပြုလုပ်မည်ဖြစ်ပြီး သေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း-၀၁-၃၇၅၇၆၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။’
