၂. ၁. ၂၀၂၆
Written by Nyein Kyaw
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ အပိုင်း (၂)ကို မြို့နယ် ၁၁ ခုရှိ ရပ်ကွက်/ကျေးရွာ အုပ်စု ၆၃ ခု၌ မဲရုံပေါင်း ၁၁၆ ရုံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယမန်နေ့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်၊ ရေဦး စသည့် မြို့နယ် ၁၁ ခုတွင် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်သည်။
အပိုင်း (၂) ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ပိုမိုလွယ်ကူအဆင်ပြေအောင် မဲစာရင်းအမှတ်စဉ်များအား ကြိုတင်သိရှိရန် ဆောင်ရွက်ပေးမှသာ မဲရုံဖွင့်လှစ်သည့်အချိန်အတွင်း လျင်လျင်မြန်မြန်မဲပေးနိုင်ပြီး မဲဆန္ဒရှင်များအားလုံး ရာနှုန်းပြည့်မဲပေးနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောကြားသည်။
ထို့ကြောင့် တာဝန်ရှိသူအားလုံး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း၊ အပိုင်း (၁) ရွေးကောက်ပွဲ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်၍ အပိုင်း (၂) ရွေးကောက်ပွဲအား အောင်မြင်စွာဆောင်ရွက်သွားကြရန်လိုကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင်နှင့် မုံရွာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ အတွင်းရေးမှူးများက အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းများ ကြိုတင်စီမံပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
