


၂. ၁ .၂၀၂၅
Written by Thiri
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဘူတာနဲ့ ဖော့ကန်ဘူတာကြားမှာ အမျိုးသားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇန်နဝါရီလ ၁ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ကနောင် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
အဆိုပါ ရထားတိုက်ခံရတဲ့ အမျိုးသားက ဖြစ်စဉ်ဖြစ်တဲ့ အနီးအနားက ရထားသံလမ်းဘေးမှာပဲ ကျူလီယာဆိုင်( ပစ္စည်းအဟောင်း ပလုံဒိုင်) ဖွင့်လှစ်ထားသူ အသက် ၄၅ နှစ်အရွယ်လို့သိရပြီး သူက နေ့စဉ် ရထားသံလမ်းဘေးက လေလွင့်ခွေးတွေကို အစာကျွေးမွေးလေ့ရှိသူလို့လည်း သိရပါတယ်။
ကနောင် လူမှုကယ်ဆယ်ရေး အသင်းမှတာဝန်ရှိသူက “သူတိုက်မိတာကို မျက်မြင်လည်း မရှိလိုက်ဘူး။ ဘာကြောင့်တိုက်မလဲတော့ သုံးသပ်ချက်လောက်ပဲတာဝန်ရှိသူတွေလည်း ပြောနိုင်ကြတယ်ပေါ့။ အထင်ပေါ့။ ခွေးမောင်းရင်း ပြုရင်း ချော်လဲရာက အတိုက်ခံရတယ်လို့ပဲ ယူဆကြတယ်ပေါ့။ ရထားလမ်းဆိုတာလည်း ကျောက်ခဲတွေ ရှိတော့ ချော်လဲရင်း အခုလို ဖြစ်တယ်လို့ အမြင်ပေါ့နော် အတိအကျတော့ မဟုတ်ဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ အမျိုးသားမှာ ရထားတိုက်ခံရတာကြောင့် ဦးခေါင်း နောက်စေ့ပွင့် မျက်နှာပျက်စီး ဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးခဲ့ပြီး အင်းစိန်မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နဲ့ ကနောင် နာရေးကူညီမှုအသင်းတို့က ရုပ်အလောင်းကောက်ယူကာ အင်းစိန်ဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
