သတိုး
၂. ၁. ၂၀၂၆
လက်ရှိကျင်းပနေသည့် မြန်မာ့ရွေးကောက်ပွဲ၊ ဖေဖော်ဝါရီလတွင် ကျင်းပမည့် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှသည် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအထိ အရေးပါသော ရွေးကောက်ပွဲရက်စွဲများကို ဖော်ပြပေးလိုက်ပါသည်။
၂၀၂၆ ခုနှစ်အတွင်း လူဦးရေ စုစုပေါင်း ၁ ဒသမ ၆ ဘီလျံရှိသော နိုင်ငံပေါင်း ၄၀ ကျော်တွင် အမျိုးသားအဆင့် ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲ၊ သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ အပါအဝင် အဆိုပါယှဉ်ပြိုင်မှုများသည် ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံနီးပါး၏ အုပ်ချုပ်ရေးယန္တရားကို ပုံဖော်ပေးမည်ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်များသည် ပြည်တွင်းမူဝါဒများ၊ စီးပွားရေးမဟာဗျူဟာများနှင့် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ဖွဲ့မှုများအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်သည်။
အောက်တွင် အရေးပါသော ရွေးကောက်ပွဲများနှင့် ၎င်းတို့၏ နိုင်ငံရေးအကျိုးသက်ရောက်မှုများကို လအလိုက် ဖော်ပြပေးထားပါသည်။
◾ ဇန်နဝါရီလ
မြန်မာ – အထွေထွေရွေးကောက်ပွဲ (ဇန်နဝါရီ ၁၁ – ဒုတိယအဆင့်)၊ (ဇန်နဝါရီ ၂၅ – တတိယအဆင့်)
ယူဂန်ဒါ – အထွေထွေရွေးကောက်ပွဲ (ဇန်နဝါရီ ၁၅)
ပေါ်တူဂီ – သမ္မတရွေးကောက်ပွဲ (ဇန်နဝါရီ ၁၈)
◾ ဖေဖော်ဝါရီလ
ကော်စတာရီကာ – အထွေထွေရွေးကောက်ပွဲ (ဖေဖော်ဝါရီ ၁)
ထိုင်း – အထွေထွေရွေးကောက်ပွဲ (ဖေဖော်ဝါရီ ၈)
ဘင်္ဂလားဒေ့ရှ် – အထွေထွေရွေးကောက်ပွဲ (ဖေဖော်ဝါရီ ၁၂)
-၂၀၂၄ ခုနှစ်တွင် ရှိတ်ဟာဆီနာ၏ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကို ကျောင်းသားလူထုအုံကြွမှုဖြင့် အဆုံးသတ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးအကြိမ် အမျိုးသားအဆင့် မဲပေးမှုဖြစ်လာမည်။ မဲဆန္ဒရှင်များသည် အုပ်ချုပ်ရေးအာဏာကို ကန့်သတ်ခြင်း၊ တရားစီရင်ရေးကို အားကောင်းစေခြင်းနှင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကို နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုမှ ကင်းဝေးစေခြင်း စသည့် ပြုပြင်ပြောင်းလဲရေးစီမံကိန်းဖြစ်သော “ဇူလိုင်ပဋိညာဉ်” (July Charter) ကိုလည်း ဆုံးဖြတ်ကြမည်ဖြစ်သည်။
လာအို – လွှတ်တော်ရွေးကောက်ပွဲ (ဖေဖော်ဝါရီ ၂၂)
◾ မတ်လ
နီပေါ – အထွေထွေရွေးကောက်ပွဲ (မတ် ၅)
- နီပေါနိုင်ငံ၏ လာမည့်ရွေးကောက်ပွဲသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း အဂတိလိုက်စားမှုနှင့် စီးပွားရေးကျဆင်းမှုတို့ကြောင့် ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီကို ရာထူးမှဖြုတ်ချခဲ့သည့် Gen Z (မျိုးဆက်သစ်လူငယ်များ) ဦးဆောင်သော ဆန္ဒပြပွဲများ၏ ရလဒ်ဖြစ်သည်။ ဆန္ဒပြသူအများအပြားသည် မဲပေးရန် မှတ်ပုံတင်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်နေကြပြီး ယင်းက နီပေါလူငယ်များအတွက် ၎င်းတို့၏ လှုပ်ရှားမှုကို နိုင်ငံရေးဩဇာအဖြစ် ပြောင်းလဲနိုင်ရန်နှင့် နိုင်ငံ၏အနာဂတ်ကို ပုံဖော်ရန် အခွင့်အရေးစစ်စစ်ကို ရရှိစေခဲ့သည်။
ဗီယက်နမ် – လွှတ်တော်ရွေးကောက်ပွဲ (မတ် ၁၅)
ဆလိုဗေးနီးယား – လွှတ်တော်ရွေးကောက်ပွဲ (မတ် ၂၂ တွင် ကျင်းပရန် မျှော်မှန်း)
ကွန်ဂိုသမ္မတနိုင်ငံ – သမ္မတရွေးကောက်ပွဲ (မတ် ၂၂)
◾ ဧပြီလ
ဘီနင် – သမ္မတရွေးကောက်ပွဲ (ဧပြီ ၁၂)
ဟန်ဂေရီ – လွှတ်တော်ရွေးကောက်ပွဲ (ဧပြီ ၁၂ တွင် ကျင်းပရန် မျှော်မှန်း)
- ဟန်ဂေရီ၏ ၂၀၂၆ ရွေးကောက်ပွဲသည် ၎င်း၏ ပြည်တွင်းနိုင်ငံရေးနှင့် နိုင်ငံတကာမဟာမိတ်များကို ပုံဖော်မည်ဖြစ်သည်။ ရုရှား၏ အနီးကပ်မဟာမိတ်ဖြစ်ပြီး ရုရှား-ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ အီးယူ (EU) ကို ဝေဖန်လေ့ရှိသည့် ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် သည် ၂၀၁၀ တွင် ရွေးကောက်ခံရပြီးနောက်ပိုင်း ပြိုင်ဘက် ပီတာ မာဂျာ၏ Tisza ပါတီထံမှ အပြင်းထန်ဆုံး စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။ ရလဒ်သည် ဟန်ဂေရီ၏ နိုင်ငံရေးအခြေအနေနှင့် အီးယူနှင့် ရုရှားကြား ရပ်တည်ချက်ကို ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ဥရောပတည်ငြိမ်ရေးနှင့် ယူကရိန်းစစ်ပွဲအပေါ် ကျယ်ပြန့်သော သက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။
ပီရူး – အထွေထွေရွေးကောက်ပွဲ (ဧပြီ ၁၂)
လစ်ဗျား – သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲ (ဧပြီလအတွင်း ကျင်းပရန် မျှော်မှန်း)
ဂျီဘူတီ – သမ္မတရွေးကောက်ပွဲ (ဧပြီလထက် နောက်မကျဘဲ ကျင်းပရမည်)
ကိပ်ဗာဒီ – လွှတ်တော်ရွေးကောက်ပွဲ (ဧပြီလအတွင်း မျှော်မှန်း)
◾ မေလ
ဆိုက်ပရပ်စ် – လွှတ်တော်ရွေးကောက်ပွဲ (မေ ၂၄)
ကိုလံဘီယာ – သမ္မတရွေးကောက်ပွဲ (မေ ၃၁)
- လက်ရှိသမ္မတ ဂူစတာဗို ပက်ထရို၏ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ပြန်လည်အရွေးခံခွင့်မရှိသည့်အတွက် ကိုလံဘီယာလူမျိုးများသည် သမ္မတသစ်ကို ရွေးချယ်ကြမည်ဖြစ်သည်။ ရွေးကောက်ပွဲသည် ကိုလံဘီယာအနေဖြင့် ရပ်တန့်နေသော FARC ငြိမ်းချမ်းရေးသဘောတူညီချက်များကို ရှေ့ဆက်နိုင်မလား၊ အဂတိလိုက်စားမှုကို ဖြေရှင်းနိုင်မလား၊ အကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်မလားနှင့် အိမ်နီးချင်း ဗင်နီဇွဲလားနိုင်ငံကြောင့် ဖြစ်ပေါ်လာသော ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်နိုင်မလားဆိုသည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ကင်မရွန်း – လွှတ်တော်ရွေးကောက်ပွဲ (မေလထက် နောက်မကျဘဲ ကျင်းပရမည်)
လက်ဘနွန် – လွှတ်တော်ရွေးကောက်ပွဲ (မေလအတွင်း မျှော်မှန်း)
မေလတွင် ကျင်းပမည့် လက်ဘနွန်ရွေးကောက်ပွဲသည် ဝန်ကြီးချုပ် နာဝပ်ဖ် ဆလမ်နှင့် သမ္မတ ဂျိုးဇက် အာအွန် တို့၏ အစိုးရအတွက် ပထမဆုံးသော ကြီးမားသည့် ဒီမိုကရေစီစမ်းသပ်မှု ဖြစ်လာမည်ဖြစ်သည်။ ဟစ်ဇ်ဘိုလာ (Hezbollah) ၏ အခန်းကဏ္ဍသည် ၂၀၂၆ ရွေးကောက်ပွဲတွင် အဓိကအချက်ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံရေးဩဇာ၊ လက်နက်ဖြုတ်သိမ်းရေး ဆွေးနွေးမှုများနှင့် စီးပွားရေးပျက်ကပ်ကြားရှိ ဘာသာရေးအစုအဖွဲ့များ၏ ညီညွတ်မှုကို ပုံဖော်ပေးမည်ဖြစ်သည်။

◾ ဇွန်လ
အီသီယိုးပီးယား – အထွေထွေရွေးကောက်ပွဲ (ဇွန် ၁)
အာမေးနီးယား – လွှတ်တော်ရွေးကောက်ပွဲ (ဇွန် ၇)
အယ်လ်ဂျီးရီးယား – လွှတ်တော်ရွေးကောက်ပွဲ (ဇွန်လထက် နောက်မကျဘဲ ကျင်းပရမည်)
◾ ဇူလိုင်လ
ဖီဂျီ – အထွေထွေရွေးကောက်ပွဲ (၂၀၂၆ ဇွန်လမှ ၂၀၂၇ ဖေဖော်ဝါရီလအတွင်း မျှော်မှန်း)
◾ ဩဂုတ်လ
ဇမ်ဘီယာ – အထွေထွေရွေးကောက်ပွဲ (ဩဂုတ် ၁၃)
ဟေတီ – အထွေထွေရွေးကောက်ပွဲ (ဩဂုတ် ၃၀)
◾ စက်တင်ဘာလ
ဆွီဒင် – အထွေထွေရွေးကောက်ပွဲ (စက်တင်ဘာ ၁၃)
ဆောင်တိုမေးနှင့် ပရင်စီပီ – လွှတ်တော်ရွေးကောက်ပွဲ (စက်တင်ဘာလထက် နောက်မကျဘဲ ကျင်းပရမည်)
မော်ရိုကို – လွှတ်တော်ရွေးကောက်ပွဲ (စက်တင်ဘာလအတွင်း မျှော်မှန်း)
ရုရှား – လွှတ်တော်ရွေးကောက်ပွဲ (စက်တင်ဘာလအတွင်း မျှော်မှန်း)
◾ အောက်တိုဘာလ
လတ်ဗီးယား – လွှတ်တော်ရွေးကောက်ပွဲ (အောက်တိုဘာ ၃)
ဘရာဇီး – အထွေထွေရွေးကောက်ပွဲ (အောက်တိုဘာ ၄)
- အောက်တိုဘာလတွင် ဘရာဇီးလူမျိုးများသည် စီးပွားရေးမရေရာမှုများ၊ ရာဇဝတ်မှုများ မြင့်တက်လာမှုနှင့် အမေရိကန်နှင့် တင်းမာနေသော ဆက်ဆံရေးများကြားမှ သမ္မတ၊ လွှတ်တော်နှင့် ပြည်နယ်အစိုးရများအတွက် မဲပေးကြမည်ဖြစ်သည်။ လက်ရှိသမ္မတ လူလာသည် ပြန်လည်အရွေးခံရန် ကြိုးပမ်းနေပြီး ထောင်ကျနေသည့် သမ္မတဟောင်း ဂျေယာ ဘော်ဆိုနာရို၏ သားဖြစ်သူ ဖလားဗီယို ဘော်ဆိုနာရို အပါအဝင် စိန်ခေါ်သူများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အစ္စရေး – လွှတ်တော်ရွေးကောက်ပွဲ (အောက်တိုဘာ ၂၇ တွင် သတ်မှတ်ထားသော်လည်း စော၍ ကျင်းပနိုင်ခြေရှိသည်)
- အစ္စရေး၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုသည် ၂၀၂၆ ခုနှစ်တွင် ၎င်း၏ နိုင်ငံရေးရှင်သန်မှုအတွက် သမိုင်းဝင် တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်း၏ လီကွတ် (Likud) ပါတီသည် ၂၀၂၃ အောက်တိုဘာ ၇ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထောက်လှမ်းရေး ပျက်ကွက်မှုများ၊ ပြည်တွင်းဖိအားများနှင့် ဂါဇာရှိ လူမျိုးတုံးသတ်ဖြတ်မှု စစ်ပွဲအတွက် နိုင်ငံတကာ၏ ဖိအားများကို ရင်ဆိုင်နေရသည်။
ဒိန်းမတ် – အထွေထွေရွေးကောက်ပွဲ (အောက်တိုဘာ ၃၁ ထက် နောက်မကျဘဲ ကျင်းပရမည်)
ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား – အထွေထွေရွေးကောက်ပွဲ (အောက်တိုဘာလအတွင်း မျှော်မှန်း)
ဘဟားမား – အထွေထွေရွေးကောက်ပွဲ (အောက်တိုဘာလထက် နောက်မကျဘဲ ကျင်းပရမည်)
◾ နိုဝင်ဘာလ
အမေရိကန်ပြည်ထောင်စု – ကြားဖြတ်ရွေးကောက်ပွဲ (နိုဝင်ဘာ ၃)
- လာမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ်နေရာ ၄၃၅ နေရာစလုံးနှင့် အထက်လွှတ်တော်အမတ်နေရာ ၁၀၀ အနက် ၃၅ နေရာတို့အတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲများသည် လွှတ်တော်ကို မည်သူက ထိန်းချုပ်မည်ဆိုသည်ကို ဆုံးဖြတ်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အုပ်ချုပ်ရေးယန္တရားအတွက် အလွန်အရေးကြီးပါသည်။ ရွေးကောက်ပွဲရလဒ်များသည် ဒေါ်နယ်ဒ်ထရမ့်ပ်အနေဖြင့် ၎င်း၏ ကျန်ရှိသော သမ္မတသက်တမ်းအတွင်း မည်မျှအထိ အာဏာကျင့်သုံးနိုင်မည်ဆိုသည့်အပေါ် သိသာစွာ သက်ရောက်မှုရှိမည် ဖြစ်သည်။
ဘူလ်ဂေးရီးယား – သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲ (နိုဝင်ဘာလအတွင်း မျှော်မှန်း)
◾ ဒီဇင်ဘာလ
ဂမ်ဘီယာ – သမ္မတရွေးကောက်ပွဲ (ဒီဇင်ဘာ ၅)
နယူးဇီလန် – အထွေထွေရွေးကောက်ပွဲ (ဒီဇင်ဘာ ၁၉ ထက် နောက်မကျဘဲ ကျင်းပရမည်)
တောင်ဆူဒန် – အထွေထွေရွေးကောက်ပွဲ (ဒီဇင်ဘာ ၂၂ တွင် ကျင်းပရန် မျှော်မှန်း)
အထက်ဖော်ပြပါ ရွေးကောက်ပွဲများသည် ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံနီးပါးကို ကိုယ်စားပြုနေသည့်အတွက် ၂၀၂၆ ခုနှစ်သည် နိုင်ငံတကာအခင်းအကျင်းသစ်ကို ပုံဖော်မည့် နှစ်တစ်နှစ်ဟု ဆိုနိုင်ပါသည်။ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၏ ရွေးကောက်ပွဲရလဒ်များသည် မည်ကဲ့သို့သော အပြောင်းအလဲများကို သယ်ဆောင်လာမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည့် သမိုင်းမှတ်တိုင်များပင် ဖြစ်ပါတော့သည်။
Ref: Al Jazeera
