





၂.၁.၂၀၂၆
Written By Thandar
Mahar နဲ့ Bo Bo Film Production တို့ ပူးပေါင်းစီစဉ်တင်ဆက်မှုရိုက်ကူးမယ့် ပေါ့ပေါ့ပါးပါး ဟာသဇာတ် လမ်းပုံစံ “ဣတ္ထိမဲ့ဂေဟာ” ဇာတ်လမ်းတွဲ ကန်တော့ပေးပွဲကို ယနေ့ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေနားပန်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ ဒီဇာတ်ကားမှာ အရမ်းကြီး လုပ်ရမယ့်အရာတွေတော့ မပါပါဘူး။ ပေါ့ပေါ့ပါးပါး ဟာသပုံစံလေးပါ။ ကောင်းမြတ်စံကတော့ ကျွန်တော်နဲ့ ညီအကိုတွေ ကာရိုက်တာနဲ့ဆုံရမှာပါ။ ဒီအထဲမှာ ကိုယ်က ဆိုးတာ မဆိုး တာမျိုးတော့ မဟုတ်ပါဘူး။ ကောင်မလေးတစ်ယောက်ကြောင့် စိတ်နာရတာတွေ ကြုံခဲ့ရသူပေါ့။ ဒီမိန်းကလေးက Lesson တွေပေးတာ ခံခဲ့ရတယ်။ Lesson ပေးသွားတဲ့သူတွေစုပြီးတော့ ကျွန်တော်တို့တွေ နေကြတာပေါ့။ ကျွန်တော် Lesson အများကြီးပေးခံခဲ့ရလို့ မိန်းမတွေကို မုန်းတဲ့ကာရိုက်တာပါ။ ကိုယ့်ကပြန်ပြီး Lesson ပြန်ပေးဖို့ ဖန်တီးထားတာပါ”လို့ သရုပ်ဆောင် ခန့်စည်သူက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ညီအောင်ညီ၊ ရိုက်ကွင်းဇာတ်ညွှန်း တုထက်နောင်နဲ့ သန့်ထင်၊ ဒါရိုက်တာ အိ (အရုဏ်ဦး)က အပိုင်း ၁၆ ပိုင်းစာကို ဇန်နဝါရီလအတွင်းမှာ ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ခန့်စည်သူ၊ ကောင်းမြတ်စံ၊ ဘုန်းရှိန်ခန့်၊ ဟိန်းသစ်စ၊ ထွန်းပုလဲရတနာ၊ အဲဝေသာ၊ ချယ်ချယ်၊ သဒ္ဒါနန်းထိုက်၊ မေသရဝဏ်၊ သွန်းကြယ်စင်၊ သင်းနန္ဒီဇော်၊ ကျော့ကျော့၊ သော်တာလှိုင်ထွန်း၊ မုဒြာ၊ မေယမင်းချို၊ သွက်လက်၊ သူဇာပွင့်၊ အင်ကြင်း၊ ယဉ်မင်းပိုက်၊ ဝါဝါမေမောင်၊ ဆက်ထူးသစ်၊ ရဲရင့်၊ ကလေးသရုပ်ဆောင် နဒီထက်မွန်ထွန်းနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
