
၂.၁.၂၀၂၆.
Translated by Htwe Ko Tun
ဆွစ်ဇာလန်နိုင်ငံရဲ့ ခရန်းစ်-မွန်တာနာမြို့ရှိ နှင်းလျှောစီးအပန်းဖြေစခန်းရဲ့ Le Constellation အမည်ရှိ လူစည်ကားတဲ့စားသောက်ဆိုင်တစ်ခုမှာ နှစ်သစ်ကူးပါတီ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေခိုက် ဇန်နဝါရီလ ၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၁း၃၀ နာရီ (GMT ၀၀:၃၀) က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာမှာ လူ ၄၀ ခန့်သေဆုံးပြီး ၁၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သေဆုံးသူအများစုက ငယ်ရွယ်သူတွေဖြစ်ပြီး သူတို့အားလုံးကို မည်သူမည်ဝါဖြစ်တယ်လို့ ဖော်ထုတ်ဖို့ ရက်အနည်းငယ်ကြာမယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Le Constellation စားသောက်ဆိုင်အပြင်ဘက်မှ ဗီဒီယိုရိုက်ကူးချက်အရ မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန် မှာ လူအုပ်ကြားမှာလည်း ထိတ်လန့်တုန်လှုပ်မှုဖြစ်နေကြတာတွေ့ရပါတယ်။ မျက်မြင်တွေ့ရှိသူတစ်ဦးက အော်ဟစ်သံတွေကို ကြားခဲ့ရပြီး နောက်မှာ မြေပြင်မှာ လူတွေ လဲကျနေတာကို မြင်တွေ့ခဲ့ရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မီးတောက်တွေ ပြင်းထန်စွာ လောင်ကျွမ်းနေတုန်းမှာပဲ လျှပ်စီးတစ်ခုဝင်းလက်ပြီး ပေါက်ကွဲမှု မြန်ဆန်စွာ ဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။ မျက်မြင်တွေ့ရှိသူနှစ်ဦးက ရှန်ပိန်ပုလင်းတွေ မှာ ထည့်ထားတဲ့ မီးပန်းတွေကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ပြောခဲ့ပေမယ့် အရာရှိတွေက စုံစမ်းစစ်ဆေးမှုအတွက် အချိန်ယူရမယ်လို့ ပြောခဲ့ကြပါတယ်။

အာဏာပိုင်တွေက မီးလောင်မှုရဲ့အကြောင်းရင်းက ပေါက်ကွဲမှုတစ်ခုကြောင့် လို့ဆိုကြပေမယ့် အာဏာပိုင်တွေက မီးလောင်မှုဟာ တိုက်ခိုက်မှုတစ်ရပ်ထက် မတော်တဆမှုတစ်ခုကြောင့်သာ ပိုလို့ဖြစ်နိုင်တယ်လို့ ပြောခဲ့ကြပါတယ်။ သေဆုံးသူအများအပြားဟာဆိုးဝါးစွာ မီးလောင်ကျွမ်းနေလို့ မည်သူမည်ဝါဖော်ထုတ်ဖို့ အချိန်ယူရမယ်လို့ ပြောခဲ့ကြပါတယ်။
သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားတွေဖြစ်တဲ့ ပြင်သစ်၊ အီတလီနိုင်ငံသားတွေလည်း ပါဝင်မယ်လို့ ရှေးဦးသတင်းတွေကဆိုပါတယ်။
Ref- CNN, Reuters
