
၂.၁.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ ဇင်္ဂမာလမ်း၊ ဌာဝရစျေး( အများအခေါ် -အနော်မာ၁ စျေး)တွင် ဇန်နဝါရီလ ၁ ရက် ည ၇ နာရီ ၆ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မျက်မှန်ဆိုင်အပါအဝင် စျေးဆိုင်ခန်း ၂ ခန်းမီးလောင်ဆုံးရှုံးခဲဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ အလျား ၁၀ ပေ၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်းထားသည့်ဆိုင်ခန်းတွင် ဖွင့်လှစ်ထားသော အင်းဝ Vision မျက်မှန်ဆိုင်မှ ဆိုင်ပိတ်စဥ် လျှပ်စစ်ပန်ကာကို ဖွင့်ထားခဲ့ရာမှ အပူလွန်ကဲ၍ အနီးရှိ ပစ္စည်းများကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၁၀ မိနစ်ခန့်ကြာ လောင်ကျွမ်းခဲ့ပြီးမျက်မှန်ဆိုင်အပါအဝင်ဆိုင်ခန်း ၂ ခန်းနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကာ လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၃ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးတို့ဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၂ နှစ်အရွယ် ဆိုင်ရှင်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် သာကေတမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
