




နေမိုး
၁. ၁. ၂၀၂၆
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိရာ ယခုလည်းဘီးလင်းမြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အရပ်သား ခရီးသွားယာဥ်နှစ်စီးကို မိုင်းထောင်ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူ နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ပြည် ထောင်စုကားလမ်း မိုင်တိုင်အမှတ် ၁၂၆ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ကျိုက်ထိုမြို့မှ သထုံမြို့သို့ ထွက်ခွာလာသည့် အရပ်သားခရီးသွား မော်တော်ယာဉ် နှစ်စီးအား မိုင်းထောင်ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ယာဉ်များပေါ်တွင် လိုက်ပါလာသူများဖြစ်ကြသည့် ဝေါမြို့နယ်၊ ကန်တော်ရပ်ကွက်နေ ဦးအောင်သူ(၅၅)နှစ်နှင့် ဒေါ်ခင်ဆွေ(၆၂)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမင်းမင်းထွန်း(၄၃)နှစ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာနေ ဦးမြင့်ဦး(၅၀)နှစ်၊ မောင်ထက်ဝေယံ(၁၆)နှစ် တို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ဘီးလင်းမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းမကြီးပေါ်၌ သွားလာနေသည့် ခရီးသည်တင် မော်တော်ယာဉ် များကို မိုင်းထောင်ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပုံစာ။ KNU နှင့် PDF များ မိုင်းခွဲပစ်ခတ်ခံရမှုကြောင့် သေဆုံးဒဏ်ရာရသူများပုံရိပ်
