ရန်ကုန်မြို့လယ်ရှိ သဘာဝတရားရိပ်သာတွင် ထမင်းနှင့် ဆန်ပေးလှုနေမှု ရယူရန်စောင့်ဆိုင်းနေသော မြန်မာပြည်သူများ

၁၉. ၂. ၂၀၂၃
Written by Phyo Wei

အမေရိကန်က မြန်မာပြည်သူတွေအတွက် ဒေါ်လာ သန်း ၅၀ ဖိုး ထောက်ပံ့မယ်ဆိုတဲ့အချိန်မှာ မျောက်ပြဆန်တောင်းနေတဲ့ NGO တွေက ဒီငွေ သန်း ၅၀ ကနေ သူတိုအိတ်ထဲ ဒေါ်လာသန်း ၂၀ လောက်ရဖို့ အစီအမံတွေချပြီးလောက်ပြီ ဖြစ်သလို တစ်ဖက်မှာလည်း သူများထောက်ပံ့တဲ့ ဆန်၊ ဆီ၊ ဆား ရတာနဲ့ ကိုယ့်လက်ထဲက ဆန်၊ ဆီ၊ ဆားဝယ်မဲ့ပိုက်ဆံဟာ ကျည်ဖိုးတွေဖြစ်သွားတတ်လို့ ဒေါ်လာ သန်း ၅၀ ကြောင့် နှစ်ဖက်ကြားညပ်ပြည်သူ ဘယ်နှစ်ယောက်အသက်ပေးရဦးမလဲ တွေးစရာဖြစ်ခဲ့ရတဲ့ ဒီရက်သတ္တပတ်မှာ မြန်မာပြည်သူလူထုအကြားက Passport အကျပ်အတည်းတွေအကြောင်း၊ အမေရိကန်ရဲ့ မြန်မာ့ကျောက်မျက်နဲ့ ကျွန်းသစ်အပေါ် တပ်မက်တဲ့ လောဘတွေအကြောင်းနဲ့ ရွှေစျေး၊ ဒေါ်လာစျေးလို အပြေးအလွှားထိန်းပေးရတော့မဲ့ ဆန်စျေးတွေအကြောင်းကို တင်ပြချင်ပါတယ်။

“Passport အကျပ်အတည်း”

အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ Blacklist စာရင်းက အရေးယူခံရမှုလွတ်ဖို့ ကြိုးပမ်းမှုအဖြစ် ပြည်ပရောက်မြန်မာတွေက အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ လက်နက်တွေ ပြန့်ပွားစေဖို့ NUG, PDF တွေကို ငွေလှုတာက စတင်လာပြီး CDM ဝန်ထမ်းတွေက Passport လုပ် ပြည်ပကို ထွက်ခွာကြတာက အဆုံးမှာတော့ ပြည်တွင်းမှာ ဗုဒ္ဓဂါယာမှအပ ကျန်သူတွေကို Passopt လုပ်မပေးတော့တဲ့ ပြသနာစတင်လာပါတယ်။

တစ်ဖက်မှာကလည်း ကိုရီးယားလိုနိုင်ငံမျိုးသွားရောက်မဲ့ EPS ဝန်ထမ်းတွေ အကျပ်ရိုက်နေကြသလို ပြည်ပကို ဆေးကုထွက်ချင်သူတွေကလည်း အခက်ကြုံနေပါတယ်။ ဒါ့အပြင် တရားဝင်ထွက်ခွင့်မရတော့တာကြောင့် ထိုင်းလိုနိုင်ငံမျိုးကို နယ်စပ်ကနေ တရားမဝင်သွားရောက်နေကြလို့ ထိုင်းနိုင်ငံဘက်မှာလည်း နေ့စဉ် မြန်မာလုပ်သားဆယ်ချီ အဖမ်းခံနေရတဲ့ ပြသနာတွေလည်း ပေါ်ပေါက်လာပါတယ်။ ဒီနေရာမှာ အကျပ်အတည်းတွေ ရှိလာနေတယ်ဆိုပေမဲ့လည်း Passport ပိတ်ဆို့ခြင်းက အဖြေမှန်တော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ပြည်ပကနေ ပြည်တွင်းကို လူအစုလိုက်အပြုံလိုက်သေဖို့ လက်နက်တွေ ပြန့်ပွားအောင် ထောက်ပံ့နေသူတွေကို အခြားနည်းနဲ့ ကြပ်မတ်ဖို့ ကြိုးစားရမှာဖြစ်သလို ပြည်တွင်းကနေ ပြည်ပကို သွားဖို့လိုအပ်နေသူတွေကိုလည်း စိစစ်ခွင့်ပြုနိုင်ဖို့ Passport ပိတ်ထားတာထက် ပိုကောင်းတဲ့အဖြေ ရှာဖွေဖို့ ကြိုးပမ်းရမှာပါ။

”မြန်မာ့ကျွန်းသစ်နဲ့ ကျောက်မျက်အပေါ် အမေရိကန်ရဲ့ လောဘ”

အမေရိကန်ဟာ စစ်အာဏာရှင်တွေနဲ့ သူတို့နဲ့ ဆက်နွှယ်နေသူတွေ အကျိုးစီးပွားဖြစ်ထွန်းနေတာကို ကန့်သတ်ဖို့အတွက် မြန်မာကျောက်မျက်နဲ့ ကျွန်းသစ်ကို ပိတ်ဆို့အရေးယူတာပါလို့ စာရွက်ပေါ်မှာ အကြောင်းပြချက်ပေးပေမဲ့ မြေပြင်မှာတော့ ကမ္ဘာ့ကကြိုက်တဲ့ မြန်မာ့ကျောက်မျက်ကို ပိတ်ဆို့မှုဖွင့်ပေးလိုက်လို့ ကမ္ဘာသိစျေးကွက်ဖြစ်သွားရင် သူ့နိုင်ငံထဲကို စျေးချိုချိုနဲ့ မှောင်ခိုဝင်နေတဲ့ မြန်မာ့ကျောက်မျက်တွေ အချောင်နှိုက်မရတော့မှာစိုးရိမ်တာကြောင့် ကန့်သတ်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာဆို ကမ္ဘာကျော်အဆိုတော် ရီဟန်းနားက အမေရိကန်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲပထမပိုင်းအပြီး ဖျော်ဖြေချိန်မှာ နယူးယော့ခ်က ဝယ်ထားတဲ့ ဒေါ်လာတစ်သန်းတန် မြန်မာ့ပတ္တမြားကို ဝတ်ဆင်သီဆိုခဲ့ပါတယ်။ ဒီလိုမျိုးဝတ်တဲ့အတွက် Justice For Myanmar က ရီဟန်းနားကို ကန့်ကွက်ခဲ့သလို အမေရိကန်ရဲ့ ဆိုင်တွေမှာ မြန်မာ့ကျောက်မျက်တွေ ဆက်လက်တင်သွင်းရောင်းချနေတာတွေကို ပိတ်ပင်ဖို့ပါ တောင်းဆိုခဲ့ပါတယ်။ တကယ်တော့ အမေရိကန်မှာ ရောင်းချနေတဲ့ မြန်မာကျောက်မျက်တွေဟာ မှောင်ခိုစျေး၊ သူခိုးစျေးတွေကနေ အောက်စျေးနဲ့ ဝယ်ထားတာတွေပါ။ ဒါမျိုး စျေးချောင်နှိုက်ချင်လို့လည်း အမေရိကန်က မြန်မာ့ကျောက်မျက်တွေကို ပိတ်ဆို့ပြီး ကမ္ဘာ့အလယ် မြန်မာ့ကျောက်မျက်စျေးကွက်ဆိုပြီး မထယ်ဝါနိုင်အောင် လုပ်ဆောင်ထားတာမို့လို့ JFM တင်မက တစ်ကမ္ဘာလုံးက ဝိုင်းပြောရင်တောင် သူ့အကျိုးစီးပွားထိခိုက်လာရင် ဘယ်သူ့မှ လှည့်မကြည့်တတ်တဲ့ အမေရိကန်က လက်ခံမှာမဟုတ်တာတော့ အသေအချာပါ။ ဒီလိုပါပဲ။ အမေရိကန်ဟာ သူလိုချင်တဲ့ မြန်မာ့ကျွန်းသစ်ကိုလည်း သူ့နိုင်ငံကို တန်ချိန်ထောင်ချီခိုးသွင်းနေတာကို မသိကျိုးကျွံပြုထားပြီး မြန်မာ့သယံဇာတတွေကို ကုပ်သွေးစုပ်နေတာမြင်ရပြီး ဒီ့အတွက်လူပြိန်းကြိုက်ဆင်ခြေကတော့ စစ်အာဏာရှင်တွေအကျိုးဖြစ်ထွန်းမှာစိုးတယ်ဆိုတာနဲ့ သူတို့ကိုယ်ကျိုးရှာနေတာဟာ စေ့စေ့တွေးရင် ရေးရေးပေါ်လာမှာပါ။

“ရွှေစျေး၊ ဒေါ်လာစျေးလို အပြေးအလွှားထိန်းရတော့မဲ့ ပြည်တွင်းဆန်စျေး”

ထိုင်းဘုရင်ကြီး နတ်ရွာစံသွားချိန်မှာ ထိုင်းအစိုးရဟာ ဝမ်းနည်းခြင်းဝတ်စုံတွေ စျေးမတက်ဖို့ ညွန်ကြားခဲ့သလို ကိုဗစ်ကာလမှာဆိုရင်လည်း အမျိုးသားကျန်းမာရေးအတွက် အရေးကြီးတဲ့ ဆေးဝါးတွေ စျေးတင်မရောင်းဖို့ သတိပေးအရေးယူတာတွေ လုပ်ခဲ့ပါတယ်။ အစိုးရတစ်ရပ်က ဒီလိုမျိုး စျေးတင်လာနိုင်တဲ့ပစ္စည်းတွေကို စျေးမတက်ဖို့ သတိပေးချက်တွေ ထုတ်နေတော့ ထိုင်းပြည်သူတွေဟာ အများဒုက္ခရောက်ချိန် စျေးတင်မယ်ဆိုတဲ့ အောက်တန်းကျစိတ်တွေ ပျောက်သွားပေမဲ့ မြန်မာနိုင်ငံမှာတော့ အစိုးရကလည်း ပေယျာလကံထားတတ်သလို ဝိသမလောဘသားတွေကလည်း တစ်ခုခုဆို စျေးဆွဲတင် အမြတ်ထုတ်တဲ့ လောဘတွေပဲ ကြီးစိုးနေခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ထဲမှာဆို အိမ်ခြံမြေ၊ ကား၊ ရွှေနဲ့ ဒေါ်လာကို စျေးကစားဆွဲတင်ခံရချိန်မှာ အစိုးရက နိုင်ငံ့စီးပွားပြိုပျက်သွားစေနိုင်တဲ့ ရွှေစျေး၊ ဒေါ်လာစျေးကို အဓိကထိန်းကျောင်းခဲ့ပြီး စျေးကစားနေသူတွေကို ဖမ်းဆီးကြပ်မတ်ချိန်မှာ ရွှေစျေး၊ ဒေါ်လာစျေး ဆွဲတင်သူတွေ ရပ်တန့်သွားတာ တွေ့ရပါတယ်။

လက်ရှိအချိန်မှာ ရွှေနဲ့ဒေါ်လာစျေးကစားသူတွေ စျေးမကစားရဲတော့ပေမဲ့ လူမသိသူမသိစျေးကစားခံနေရတာက ဆန်စျေးပါ။ နစကဥက္ကဋ္ဌဟာ ဘယ်လိုပဲ ဆန်လျှော့စားဖို့ပြောပြော အသားကျနေတဲ့ပြည်သူက ဆန်ကို ချက်ခြင်းလျှော့စားဖို့မလွယ်ပါဘူး။ လက်ရှိအချိန်မှာ နိုင်ငံရေးအကျပ်အတည်းနဲ့ ဆန်ထွက်ရာဒေသအချို့မှာ စပါးမစိုက်နိုင်၊ လယ်သမားလက်ထဲဆန်မထားရဲတာနဲ့ကုန်သွယ်မှုလိုငွေလျော့ကျဖို့ဆန်ကို ပိုတိုးပို့ဖို့ပြင်လာချိန်မှာ လက်ထဲဆန်လှောင်ထားနိုင်တဲ့ ကုန်သည်တွေက ဆန်စျေးကို အဆမတန်စျေးတင်လာပြီး လက်သိပ်ထိုးရောင်းကြ၊ ကောလာဟလထုတ်ပြီးစျေးဆွဲတင်ကြတဲ့ ပြသနာတွေ ဆိုးဆိုးရွားရွားလုပ်လာတာ တွေ့ရပါတယ်။

ဒီနေရာမှာ ဆန်စျေးဘယ်လောက်အထိ တက်ခဲ့လည်းဆိုရင် ၂၀၂၂ ခုနှစ် မေလမှာ ရွေဘိုပေါ်ဆန်းဟာ လက်လီမှာ တစ်အိတ်ကို ၆၃၀၀၀ လောက်ပဲ အမြင့်ဆုံးစျေးပေါက်ခဲ့တာပါ။ အခု လက်လီစျေးကွက်မှာ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၂၀၀၀၀ လောက်ဖြစ်နေပါပြီ။ ရက် ၉၀ လိုဆန်မျိုးဟာ ၂၀၂၂ ခုနှစ် မေလမှာ လက်လီစျေးကွက်ထဲ တစ်အိတ်မှ ၃၄၀၀၀ လောက်ပဲ ရှိခဲ့ရာက အခု ၆၀၀၀၀ ကျော်ပါ။ တာဝန်ရှိသူတွေမြင်သာအောင် ထိပ်စနဲ့ အလတ်စ ပြည်သူအစားများတဲ့ ဆန်နှစ်ခုပဲ ယှဉ်ပြတာဖြစ်ပေမဲ့ ဆန်စျေးကွက်ထဲမှာ စားသုံးဆန်တိုင်းလိုလို စျေးတွေကို ၁၀၀ ရာခိုင်နှုန်းလောက် ဆွဲအတင်ခံနေရတာပါ။ ဓာတ်မြေဩဇာစျေးတက်လို့၊ ဆီစျေးတက်လို့၊ ပိတ်ဆို့မှုများလို့ဆိုတဲ့အကြောင်းပြချက်အချို့ရှိနေပေမဲ့ ဆန်ပိုနေတဲ့တိုင်းပြည်မှာ နိုင်ငံရေးအကျပ်အတည်းတွေဖြစ်တယ်ဆိုပေမဲ့လည်း စိုက်ပျိုးမှုနဲ့ ဆန်ထွက်မှုသိသိသာသာမလျော့တဲ့တိုင်းပြည်မှာ ဆန်စျေးဟာ ရှစ်လအတွင်း ၁၀၀ ရာခိုင်နှုန်းလောက်ဆွဲတင်နေတာ ဘာကြောင့်လဲ။ ဒီလိုမျိုး ပြည်သူလူထုအဓိကစားတဲ့ဆန် ဝယ်မစားနိုင်အောင်၊ အကျပ်တွေ့အောင် စျေးဆွဲတင်နေသူတွေဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ စျေးကစားနေတာလားဆိုတာကို ဆန်စျေးကစားနေသူတွေကို စစ်ဆေး၊ ဖမ်းဆီး အရေးယူပြီး ဆန်စျေးကိုလည်း ရှိသင့်တဲ့နှုန်းထားတစ်ခုမှာ ရှိဖို့အမြန်ထိန်းပေးပါ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *