၂၁.၁၂.၂၀၂၅.
Translated by Htwe Ko Tun
တောင်အာဖရိကနိုင်ငံမှာ အရက်ပါရောင်းချတဲ့ စားသောက်ဆိုင်ဘားတစ်ခုမှာ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၁ နာရီမထိုးမီအချိန်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တာမှာ လူကိုးဦး သေဆုံးခဲ့ရပြီး အနည်းဆုံးလူ ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်ရပ်မှာ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရဲ့ အနောက်ဘက် ၂၈ မိုင် (၄၅ ကီလိုမီတာ) အကွာရှိ ဘက်ကာစ် ဒယ်လ်မြို့ (Bekkersdal) ရှိ KwaNoxolo စားသောက်ဆိုင်မှာ အဖြူရောင် မီနီဘတ်စ်ကားတစ်စီးနဲ့ ငွေရောင် ဆီဒင်တစ်စီးပေါ်မှ သံသယရှိသူ ၁၂ ဦးခန့်က ဒီဇင်ဘာလ ၂၁ ရက် နံနက် ၁ နာရီ မတိုင်မီမှာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ က “ပစ်ခတ်မှုမှာ သေဆုံးရသူတချို့ကို အမည်မသိ သေနတ်သမားတွေက လမ်းတွေထဲမှာ ရုတ်တရက် ပစ်ခတ်ခဲ့တာပဲ” လို့ ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေကလည်း သေနတ်သမားတွေဟာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးကြတုန်းမှာ တွေ့တဲ့လူမှန်သမျှ ရုတ်တရက် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။



ပြည်နယ်ရဲမင်းကြီး ဖရက် ကီကာနာက သေဆုံးသူတစ်ဦးဆိုရင် အွန်လိုင်းကားငှားရမ်းတဲ့ ဝန်ဆောင်မှု လုပ်ငန်းမှ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ဆိုင်အပြင်ဘက်မှာ ရှိနေခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
အခုအခါမှာတော့ ပစ်ခတ်မှုမှာသံသယရှိသူတွေကို ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
တောင်အာဖရိကမှာ Shebeens ဒါမှမဟုတ် Taverns လို့ခေါ်တဲ့ အရက်ပါရောင်းချတဲ့ စားသောက်ဆိုင် တွေမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ အခု ပစ်ခတ်တိုက်ခိုက်မှုဆိုရင်လည်း တောင်အာဖရိကနိုင်ငံမှာ သုံးပတ်အတွင်း ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပါတယ်။
ဒီဇင်ဘာလ ၆ ရက်ကလည်း လိုင်စင်မဲ့စားသောက်ဆိုင်ဘားတစ်ခုမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု တစ်ရပ်ဖြစ်ခဲ့တာမှာ အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
တောင်အာဖရိကနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ လူသတ်မှု ၂၆,၀၀၀ နီးပါး၊ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၇၀ ကျော်နဲ့ ကမ္ဘာပေါ် လူသတ်မှုနှုန်းအမြင့်ဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။
သေနတ်နဲ့ပစ်ခတ်မှုတွေက လူသတ်မှုတွေမှာ လူသေဆုံးမှုတွေရဲ့ အဓိကအကြောင်းရင်းလို့လည်း သိရပါတယ်။
Ref : Sky News
