၂၁.၁၂.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စံပြသိမ်ကုန်းကျေးရွာအနီး၊ ရမည်းသင်း-ရွှေမြင်တင်လမ်းတွင် ယနေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၃ နာရီ ၁၈ မိနစ်ခန့်က ရပ်ထားသော မော်တော်ယာဥ်ကို ဆိုင်ကယ်တစ်စီး ဝင်တိုက်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးမီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း လူ ၉ ဦး လိုက်ပါလာသော Toyota Hilux EXTRA အမျိုးအစား မော်တော်ယာဥ်မှာ ရပ်ထားစဥ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စီးနင်းလာသော Wave HONDA-125 အမျိုးအစား ဆိုင်ကယ်က ဝင်တိုက်မိရာ ကားခြေနင်းတွင် တင်လာသော ဓာတ်ဆီ ၅ ဂါလံပုံး ၅ ပုံးကို ထိမိ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဆိုင်ကယ်ပေါ်မှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး၊ ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့်မော်တော် ယာဥ်ပေါ်လိုက်ပါလာသော အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ ထို့အပြင် မော်တော်ယာဥ် နောက်ပိုင်းခြေနင်းနှင့်ယာဥ်ပေါ်ပါပစ္စည်းအနည်းငယ်၊ဆိုင်ကယ်တစ်စီးတို့လည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့် မီးလောင်ဒဏ်ရာရရှိသူတို့ကို မွန်မြတ်သူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် သီလဝ လူမှုကူညီရေးအသင်းတို့က ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်ကယ်မောင်းသူ အသက် ၄၆ နှစ်အရွယ် ဦးကျော်လွင်ကို ရမည်းသင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
