◾️ နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းကြရန်လိုပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာ သိမြင်ကြရန်လိုကြောင်းပါ မှာကြား
၂၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပညာရေးဝန်ထမ်းအများစုသည် သစ္စာမဲ့စွာလုပ်ငန်းခွင်စွန့်ခွာခဲ့သော်လည်း အခွင့်အရေးပေးသည့်အနေဖြင့် ပြန်လည်သတင်းပို့သူများကို လုပ်ငန်းခွင်စွန့်ခွာသူများ စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
မိမိတို့စတင်တာဝန်ယူခဲ့ရသည့်အချိန်တွင် ပညာရေးဝန်ထမ်းအများစုသည် လုပ်ငန်းခွင်စွန့်ခွာမှုများကို သစ္စာမဲ့စွာဖြင့် လုပ်ဆောင်ခဲ့ကြသောကြောင့် နိုင်ငံအတွင်း ပညာရေးဝန်ထမ်းများ လိုအပ်ချက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

အချို့ပညာရေးဝန်ထမ်းများအနေဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရမှု၊ ဖိအားပေးခံရမှု၊ နိုင်ငံရေးဝါဒမှိုင်းရိုက်ခတ်မှုတို့ကြောင့် လုပ်ငန်းခွင် စွန့်ခွာခဲ့ရမှုများရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ထိုသို့စွန့်ခွာခဲ့ရသူများအား အခွင့်အရေးပေးသည့်အနေဖြင့် ပြန်လည်သတင်းပို့သူများကို လုပ်ငန်းခွင်စွန့်ခွာသူများစာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်၍ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်စွန့်ခွာမှုများကို ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများက အများဆုံးလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေမှု အခက်အခဲ အကြပ်အတည်းများ၊ နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာရေးဝန်ထမ်းလိုအပ်ချက်များ စသည်တို့ကို နည်းလမ်းမျိုးစုံဖြင့် ကျော်လွှားခဲ့ရခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
