၂၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်းဖြစ်ပြီး ပြည်သူနှင့်လက်တွဲ၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပြည်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့အစည်းဖြစ်ပြီး ပြည်သူနှင့်လက်တွဲ၍ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။





ထို့ကြောင့် ပြည်သူများနှင့် တစ်သားဖြစ်အောင် နေထိုင်ကျင့်ကြံဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့တွေ့ကြုံရသည့် အတွေ့အကြုံများကို သင်ခန်းစာယူ၍ မိမိကိုယ်ကိုယ်သော်လည်းကောင်း၊ မိမိတို့တပ်မတော်ကိုလည်းကောင်း၊ မိမိတို့နိုင်ငံတော် အတွက်လည်းကောင်း ကောင်းမွန်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မကြာမီကာလအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားကျင်းပ ပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာစောင့်ထိန်းနိုင်သူ၊ ဒေသနှင့်နိုင်ငံအကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သူ၊ ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူ၊ တပ်မတော်နှင့် လက်တွဲ၍ နိုင်ငံ့အကျိုးကို အမှန်တကယ် သယ်ပိုးဆောင်ရွက်နိုင်သူများကို ရွေးချယ်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြီးဆုံးချိန်တွင် ပေါ်ပေါက်လာမည့်အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကိုလွှဲ ပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
