၃.၁၂.၂၀၂၅
Written by Thiri
လူအိုတွေနဲ့ဖွဲ့စည်းထားလို့ နှေးကွေးလေးလံတယ်ဆိုပြီး နိုင်ငံရေးအောက်လုံးထိုးပြောကြားတာတွေကို လက်သင့်မခံနိုင်၊ စိတ်မကောင်းဖြစ်ရသလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဝင်ဖို့ အနည်းဆုံး အထက်တန်းအောင်ရမယ်လို့ ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်ဖြစ်ပြီး ရန်ကုန်တိုင်း စည်းရုံးလှုပ်ရှားရေး ဒုတိယခေါင်းဆောင်ဖြစ်သူ ဦးမြင့်သိန်းက ဒီကနေ့ ကျင်းပတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ မဲဆန္ဒရှင်တွေထံ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်အပ်နှင်း အခမ်းအနားနဲ့ အောင်နိုင်ရေး စည်းရုံးဟောပြောပွဲအပြီး MT News က တွေ့ဆုံမေးမြန်းစဉ်မှာ ပြောကြားပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ မဲဆန္ဒရှင်တွေထံ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်အပ်နှင်း အခမ်းအနားနဲ့ အောင်နိုင်ရေး စည်းရုံးဟောပြောပွဲကို ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှိ ရွှေကံသာခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။




ပါတီ ဗဟိုအလုပ်မှုကော်မတီဝင် ဦးမြင့်သိန်းက “ကျွန်တော်တို့က ပါတီအနေနဲ့ ဘာကိုစိတ်မကောင်းဖြစ်နေလဲဆိုတော့ လိုင်းပေါ်မှာ လူငယ်တွေရဲ့ လှုပ်ရှားမှုကို မျက်ကွယ်ပြုပြီးတော့ တ စ ညက လူအိုတွေ လုပ်တဲ့ ပါတီဆိုပြီးတော့ စွပ်စွဲနေတဲ့အတွက် ကျွန်တော်က အဲ့ဒါကို တိုက်ကြီးမြို့နယ်ကနေ အစပြုပြီးတော့ လူငယ်ပဲ ကျွန်တော်မွေးနေတယ်။ ဒါကြောင့်မို့ ကိုယ်စားလှယ်လောင်းကိုလည်းပဲ ကျွန်တော်တို့ဆိုရင် ၇၂ နှစ်။ အဲ့ဒီအတွက် ၇၂ နှစ်ဆိုတဲ့ အသက်ထက် (၁)ဘွဲ့ရဖြစ်ရမယ်။ ‘၂) ဆယ်တန်းအောင် ဖြစ်ရမယ်။ (၃) အသက်အရွယ်အားဖြင့် ခြောက်ဆယ်အောက် ဖြစ်ရမယ်။ အဲ့ဒါမှ ပါတီမှာ ရေရှည် လုပ်နိုင်မယ်ဆိုပြီး ကျွန်တော်တိုက်ကြီးမြို့နယ်မှာ ကိုယ်စားလှယ်လောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အသက် ၆၀၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၄၅ နှစ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၄၀ နှစ် တစ်ယောက်၊ ၂၉ နှစ် တစ်ယောက် စီစဉ်ရွေးချယ်ပေးတာဟာ ပါတီရဲ့ မျိုးဆက်သစ်တွေ မွေးချင်လို့ အဲဒီလို ဖန်တီးပေးတာ” လို့ ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ပါတီ ဗဟို ဥက္ကဋ္ဌဦးဟန်ရွှေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးမြင့်သိန်းက ပါတီရွေးကောက်ပွဲ ကြေညာစာတမ်းကို ဖတ်ကြားခဲ့ကာ မြို့ပေါ် ရပ်ကွက် ၈ ခုက လူဦးရေ ၈၀၀ ကျော်၊ ခန်းမတွင်း ခန်းမပြင်ကနေ တက်ရောက် နားထောင်ခဲ့ကြပါတယ်။




တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ပါတီဝင်ပေါင်း ၆၉၁ ဦး ဝင်ရောက်ရွေးကောက်ခံနေပြီး အသက်အရွယ် မျှခြေ၊ ကျား၊ မ မျှခြေ စသဖြင့်စနစ်တကျ စိစစ်ဆောင်ရွက်ထားသလို လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးမှာ အဆိုပါဝင်ရောက်ရွေးကောက်ခံမယ့်ပါတီဝင်တွေထဲက အမျိုးသမီးကိုယ်စားလှယ်လောင်း အချိုးဟာ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
