၂၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို လိုက်နာမှုမရှိဘဲ ကျော်လွန်လုပ်ဆောင်ခဲ့မှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်စေလျက်ရှိကြောင်းနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပြည်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိမြို့ဖများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ပတ်သက်၍ ခရီးသွားကဏ္ဍတွင် တည်းခိုရေး၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှု၊ လက်ဆောင်ပစ္စည်းများ ရောင်းချခြင်း စသည့်တို့ပါဝင်နေကြောင်း၊ ပြည်တွင်းခရီးသွားလာမှုတွင် ဘုရားဖူးခရီးသွားခြင်းသည် အများဆုံးဖြစ်ကြောင်း၊ မိမိတို့ဒေသအလိုက် ဖွံဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ဝန်ဆောင်မှု ကောင်းပေးနိုင်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။




မိမိတို့ဒေသသို့ လာရောက်သူများအနေဖြင့် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့် ဒေသ၏အထင်ကရနေရာများ၊ ဒေသ၏သာယာလှပမှုများကို ခံစားလည်ပတ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် တစ်ဦးချင်း၊ တစ်အိမ်ချင်း သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်ဖြစ်စေရန် ဆောင်ရွက်ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာ ရုံး၊ ဌာနအလိုက် လမ်း၊ တံတား၊ အဆောက်အဦများကို စနစ်တကျ ထိန်းသိမ်းခြင်းဖြင့် ဒေသသာယာလှပမှုကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မြို့တွင်း ရေစီးရေလာများ ကောင်းမွန်စေရေးအတွက်လည်း အမှိုက်များကင်းစင်အောင် ဆောင်ရွက်သကဲ့သို့ ဒေသသာယာလှပရေးအတွက် မည်ကဲ့သို့ ကောင်းမွန်အောင် ဆောင်ရွက်မည်ကို စဉ်းစားတွေးခေါ်ဆောင်ရွက်ကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထို့ပြင် ဒေသခံများအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြစ်ရန်၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများအတိုင်း လိုက်နာနေထိုင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို လိုက်နာမှုမရှိဘဲ ကျော်လွန်လုပ်ဆောင်ခဲ့မှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာ တွင်ကန့်သတ်ချက်များဖြစ်ပေါ်စေလျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှလည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ပြည်တွင်း လည်ပတ်သုံးစွဲငွေများ များလာခြင်း၊ Non-Trade Income များရရှိလာခြင်း၊ ထုတ်ကုန်ပစ္စည်းများ ရောင်းချရခြင်း၊ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုလည်ပတ်လာစေခြင်းတို့ကိုလည်း ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ထိုမှ တဆင့် ဒေသနှင့် နိုင်ငံတော်၏လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
