၁၇.၁၂.၂၀၂၅
Written By Thandar
ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင်@ဦးညီညီလှိုင် အသက် ၆၃ နှစ်ဟာ ယနေ့ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပက OSC ဆေးရုံမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သရုပ်ဆောင် အရိုင်းက MT Entertainment ကို ပြောပါတယ်။
“ငညီက မြောက်ဥက္ကလာဆေးရုံမှာ ဆုံးသွားတာပါ။ ငညီလည်း ထွက်သွားပြန်ပါပြီဗျာ။ တကယ့်ကို စိတ်မကောင်း တော်တော်ဖြစ်မိပါတယ်”လို့ သရုပ်ဆောင် အရိုင်းက MT Entertainment ကို ပြောပါတယ်။
သူ့ဟာ လွန်ခဲ့တဲ့ ၉ လခန့်က အသည်းအဆိပ်တက်ပြီး အတိတ်မေ့သွားရာက ဆေးရုံ ၇ လခန့်တက်ရပြီး မကြာသေးခင်ကမှ ဆေးရုံက ပြန်ဆင်းလာပြီး ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေခဲ့တာဖြစ်ပေမဲ့ ယနေ့မှာတော့ ပန်ကရိယကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။
ညောင်ညောင်က ရန်ကုန်မြို့၊ ပုဇွန်တောင်၊ ရေကျော်မှာနေထိုင်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ်ရှိပြီဖြစ်ကာ ဇနီး၊ သမီးနဲ့ မြေးတို့ ကျန်ရစ်ခဲ့ပါတယ်။ သူဟာ”ဂေါင်းကြီးပြန်လာပြီ ၂”ဇာတ်လမ်းတွဲကို နောက်ဆုံး ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
