MT News
၁၇. ၁၂. ၂၀၂၅
ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး တတိယပိုင်း ၇၂ မြို့နယ်ကို ဒုတိယပိုင်းအပြီး နှစ်ပတ်အကြာတွင် ကျင်းပသွားမည့်အပြင် ကျန် ၅၆ မြို့နယ်ကိုလည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမသို့သွားရောက်၍ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ယခုဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲပထမအပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဒုတိယအပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ နှင့် တတိယအပိုင်းကို (၂) ပတ်အကြာတွင် မြို့နယ် ၇၂ မြို့နယ်တို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကျရာကဏ္ဍမှ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိသည့် မြို့နယ် ၅၆ မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။




၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုများကြောင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူခဲ့ရကြောင်း၊ ယခုကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲကို တပ်မတော်က ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် ဒစ်ဂျစ်တယ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံကအသုံးပြု၍ ရွေးကောက်ပွဲများကျင်းပခဲ့ကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများကို မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး တစ်အိမ်တက်ဆင်းဖြင့် လိုအပ်သည့်အချက်အလက်များကို စိစစ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မဲစာရင်းတွင်ပါဝင်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျရာကဏ္ဍမှ လစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများစိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်း၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူတို့က အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မဲပေးပိုင်ခွင့် ရှိသူများအနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လမ်းသည့် နိုင်ငံတွင်နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင်မဲပေးရန် တစ်ဦးချင်းတာဝန်ရှိပါကြောင်း၊ လူငယ်များအနေဖြင့်လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေပါဝင်၍ မဲပေးကြရမည်ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းလိုက်နာမည့်သူ၊ မိမိဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးစီးဦးရွက်ပြုလုပ်နိုင်သူများနှင့် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင်ရှိသူများကိုရွေးချယ်၍ ဆန္ဒမဲများပေးနိုင်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆက်လက်ပြောကြားသည်။
