၁၇.၁၂.၂၀၂၅
Written By Thandar
ဟာသလူရွှင်တော် ငြိမ်းချမ်းရဲ့ အသက် ၆၇ နှစ်ပြည့် မွေးနေ့မင်္ဂလာအလှူ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ အေးနန္ဒာအိမ်ယာ ဆယ်မြောက်ရပ်ကွက် ရတနာပုံ ၆ လမ်းရှိ အမှတ် ၄၉၃ မှာ ကျင်းပခဲ့ပါတယ်။
“သားလေး လာမယ်လို့လည်း မထင်ပါဘူး။ ဒီနေ့က ကျွန်တော့်အတွက်ကို လှိုက်လှိုက်လှဲလှဲကို ဝမ်းသာပီတိဖြစ်ရတဲ့နေ့ပါ။သားလေးကို ချစ်လည်း ချစ်တယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒိန်းဒေါင်ဆိုတဲ့ နာမည်မရခင်ကတည်းကပါ။ ခုလိုဖြစ်လာတဲ့အထိမို့ သံယောဇဉ်တွေက ပိုကြီးပါတယ်။ ခုဆိုရင် ကျွန်တော်လည်း အသက် ၆၇နှစ်ပြည့်ပါပြီ။ ခုလို ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တွေကို နေ့ဆွမ်းကပ်နိုင်တယ်။ နောက် ကိုယ့်အနုပညာ လူရွှင်တော်အပေါင်းအသင်းတွေနဲ့ လုပ်ဆောင်ရတာလည်း ပျော်ပါတယ်”လို့ လူရွှင်တော် ငြိမ်းချမ်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ ပင့်သံဃာတော် အရှင်သူမြတ်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဝတ္ထုငွေ တချို့ဆက်ကပ်ခဲ့ပြီး တရားတော်နာယူကာ ရေစက်သွန်းချလှူဒါန်းခဲ့ကြပါတယ်။
လူရွှင်တော် ငြိမ်းချမ်းမိသားစုက မွေးနေ့ကိတ်ခွဲပေးခြင်းကို လုပ်ဆောင်ပေးခဲ့ပြီး တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒါ့ပြင် Surprise အနေနဲ့ လူရွှင်တော်ဒိန်းဒေါင်က ယနေ့လှူဒါန်းခဲ့တဲ့ ကြက်ဆီထမင်း၊ အအေးအစရှိတဲ့အရာကို ကုသိုလ်ပါဝင် လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
“ကိုယ့်မွေးနေ့ကို အမှတ်တရအနေနဲ့ ဒီနေ့အလှူလေး ကုန်ကျစရိတ်ကို သားလိုချစ်ရတဲ့ ဒိန်းဒေါင်က ကုသိုလ်ယူ လှူတယ်ဆိုတော့ ပျော်တာပေါ့နော်။ ကိုယ့်ရဲ့ သားသမီးလေးကလည်း အကုန်လုံး လိမ္မာကြလို့ ပျော်ရပါတယ်”လို့ သူကဆက်ပြောပါတယ်။
#လူရွှင်တော်ငြိမ်းချမ်း #ငြိမ်းချမ်း #NyeinChan #DainDaung #MyanmarComedy
Comedy #CeleBirthday








