၁၇.၁၂.၂၀၂၅
Written By Thandar
နေပြည်တော်မှာ ကျင်းပမယ့် “၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ”မှာ အကယ်ဒမီဆုဗန်းကိုင်ဖို့ ရွှေကြိုမောင်မယ်တွေ ပဏာမအဆင့် ရွေးချယ်ပွဲကို အပိုင်းနှစ်ပိုင်းခွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
“ပဏာမကတော့ လျှောက်လွှာလျှောက်ထားသူတွေကို စတင် လူတွေ့စစ်ဆေးမှာလည်း ဖြစ်ပါတယ်။ ရုပ်ရည်၊အရပ်အမောင်းနဲ့ ကိုယ်နေဟန်ထားတွေ၊ နောက် လူတွေ့မိတ်ဆက်တာတွေကို ကြည့်ရှု့မှာပါ။ ရွှေကြိုပုံစံနဲ့ နီးစပ်သူတွေကို ရွေးချယ်မှာပါ။ ပဏာမလူတွေ့စစ်ဆေးချိန်မှာ မြန်မာဝတ်စုံတွေနဲ့ လိုက်ဖက်မှုရှိတာတွေ၊ အရမ်းကြီး အလွန်အကြူးဝတ်ဆင်စရာတော့မလိုပါဘူး။ Smart ဖြစ်ရမယ်။ ကိုယ့်ကို First Attraction ထဲက ဆွဲဆောင်မှု ရှိအောင်တော့ ကြိုးစားသင့်တယ်။ မိတ်ကပ်တွေ အထူကြီးလိမ်းလို့လည်း ထူးခြားမှာမဟုတ်ပါဘူး။ ယောကျ်ားလေးတွေဆိုလည်း ချိတ်လုံချည်တွေ ဝတ်စရာမလိုပါဘူး။ တော်ရုံသင့်တော်တာမျိုး ဝတ်ဆင်ရမှာပါ။ အင်္ကျီလက် ပြတ်ဆိုလည်း ကိုယ့်ခန္ဓာကိုယ် သင့်တော်လျောက်ပတ်တယ်ဆို ဝတ်ရပါတယ်။ အသံကို ရဲရဲဝံ့ဝံ့ပြောနိုင်တဲ့သူ ပေါ့။ ဒုတိယအဆင့်မှ အိုက်တင်ပိုင်းတွေ၊ အမူအယာပိုင်းဆိုင်ရာ စစ်ဆေးတာတွေ လုပ်ဆောင်မှာပါ” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တွဲဖက်အတွင်းရေးမှူး (၁) ဦးချမ်းသာကြည်စိုးက MT Entertainment ကိုပြောပါတယ်။





အဆိုပါ ရွှေကြိုမောင်မယ်တွေ ရွေးချယ်ပွဲမှာတော့ အကဲဖြတ်ဒိုင်တွေ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ဒါရိုက်တာ အကယ်ဒမီ ညွန့်မြန်မာညီညီအောင်၊ ဒါရိုက်တာမောင်သီ စတဲ့ ရုပ်ရှင်အစည်းအရုံးက တာဝန်ယူထားတဲ့ အမှုဆောင်တွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။
ရွှေကြိုမောင်မယ် ပဏာမအဆင့်ရွေးချယ်ပွဲကို အပိုင်း နှစ်ပိုင်းခွဲပြီးတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာ လမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရွှေရတုခန်းမမှာ ကျင်းပမှာလည်းဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပထမပိုင်းအစီအစဉ်အနေနဲ့ နံနက် ၈ နာရီကနေ နေ့လယ် ၁၂နာရီအထိ လျှောက်လွှာအမှတ်စဉ် ၀၀၀၁ ကနေ ၀၁၂၅ အထိကျင်းပမှာဖြစ်ပြီး ဒုတိယပိုင်းအစီအစဉ်ကို မွန်းလွဲ ၁ နာရီကနေ ညနေ ၅ နာရီအထိ လျှောက်လွှာအမှတ်စဉ် ၀၀၁၂၆ ကနေ ၀၀၂၉၇ အထိ စိစစ်ရွေးချယ်မှာလည်းဖြစ်ပါတယ်။
“ရွှေကြိုမောင်မယ်တွေကို အတွဲလိုက်ဆိုရင်တော့ မနှစ်ကလို အတွဲ ၂၀ လောက်အထိတော့ ရှိမှာမဟုတ်ပါဘူး။ ဒီနှစ်ကတော့ ရွှေကြိုမောင်မယ် အတွဲလိုက် ၁၀ တွဲ ဒါမှမဟုတ် အတွဲ ရှစ်တွဲလောက်ပဲ ဖြစ်ဖို့များပါတယ်။တကယ်လို့ ရွှေကြိုတွေက ပြိုင်ဆိုင်မှု ပြင်းထန်ရင်တော့ တစ်မျိုးတစ်မည်စဉ်းစားရမှာပါ”လို့ သူကဆက်ပြောပါတယ်။
ရွှေကြိုလျှောက်ထားသူ လူဦးရေ အယောက် ၃၀၀ နီးပါးရှိပြီး သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုရှိသူတွေကို အဆင့်သုံးအထိ အဆင့်ဆင့်ရွေးချယ်ပေးမှာလည်းဖြစ်ပါတယ်။ ရွှေကြိုရွေးချယ်ခံရသူ ရွှေကြိုမောင်မယ်တွေကိုတော့ အတွဲ ၁၀ တွဲ ဒါမှမဟုတ် အတွဲ ရှစ်တွဲလောက် ရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။
ဒုတိယအဆင့် ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်တွေကို Voting စနစ်အနေနဲ့ ရွေးချယ်မှုတွေလုပ်ဆောင် သွားမယ်လို့ သိရပါတယ်။
ပုံစာ။ ယခင်နှစ် ရွှေကြိုများ ရွေးချယ်မှုမြင်ကွင်း။
