၁၆.၁၂.၂၀၂၅.
Translated by Htwe Ko Tun
အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်အငြင်း ပွားမှုတွေကနေ ဒီဇင်ဘာလ ၇ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတိုက်ခိုက်မှုတွေက ၁၁ ရက်ကြာလာချိန်မှာတော့ နှစ်ဖက်သေဆုံးသူ အနည်းဆုံး ၅၂ ဦးအထိ ရှိလာပြီလို့ သတင်းတွေအရ သိရပါတယ်။
ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းစစ်တပ်က နယ်စပ်ဒေသမှာ ဒီဇင်ဘာလ ၁၇ ရက်က အမြောက်တိုက်ခိုက်မှုတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Khmer Times သတင်းစာက ဖော်ပြခဲ့ပါတယ်။ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက ထိုင်းတပ်စခန်းတွေကို BM-21 ဒုံးကျည်တွေနဲ့ ပစ်ခတ် တုံ့ပြန်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။





ထိုင်းနိုင်ငံ ရုပ်သံလိုင်း Thai PBS ကလည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် ထိုင်းစစ်သားတွေက ချုံအန်မာ (Chong Anh Ma) ဒေသကို သိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။
နယ်စပ်ဒေသမှ နှစ်ဖက်စလုံးရှိ လူ ၇၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပြီး အသက်ဆုံးရှုံးမှုများတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ် ပထမဆုံးကြေညာရမယ်လို့ ထိုင်းအစိုးရက ဒီဇင်ဘာလ ၁၆ ရက်က ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားကလည်း ထိုင်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေမှာ ကလေးငယ် ၁၃၁,၀၀၀ အပါအဝင် လူသုံးသိန်းလောက် အိုးအိမ်စွန့်ထွက်ပြေးရပြီး အနည်းဆုံးကျောင်းသူကျောင်းသား ၂၄၀,၀၀၀ လောက် ပညာရေးဆုံးရှုံးကြရတယ်လို့ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေ အဆိုအရ ၁၁ ရက်ကြာ တိုက်ပွဲတွေမှာ ထိုင်းစစ်သား ၁၉ ဦးနဲ့ အရပ်သား ၁၆ ဦး သေဆုံးခဲ့ပြီး ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားအရပ်သား ၁၇ ဦး သေဆုံးပြီး ၇၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေက ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ သဘောတူတယ်လို့ ဒီဇင်ဘာလ ၁၂ ရက်က ပြောကြားခဲ့ပေမယ့် နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။
Ref- AA
