၁၇. ၁၂. ၂၀၂၅
Written by Nyein Kyaw
မရိုးသားသောနည်းဖြင့် တိုင်းရင်းဆေး၏ဂုဏ်ဒြပ်ကို ထိခိုက်အောင် ပြုလုပ်နေမှုများအား ထိရောက်စွာ ကာကွယ်ဟန့်တားသွားရန်လိုကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ကျင်းပသည့် (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပေးပို့ပြောကြားသည့် အဖွင့်ဂုဏ်ပြုဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြာသည်။
အများပြည်သူ နေ့စဉ်သုံးစွဲနေကြသည့် တိုင်းရင်းဆေးဝါးများ ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးနှင့် အာနိသင်ပြည့်ဝသည့် ဆေးဝါးများဖြစ်စေရန်လိုကြောင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်သည် အရေးကြီးသည့်အတွက် ဓာတ်ခွဲခန်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးရန်လိုအပ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
”အလားတူ မရိုးသားသောနည်းနဲ့ တိုင်းရင်းဆေးရဲ့ဂုဏ်ဒြပ်ကို ထိခိုက်အောင် ပြုလုပ်နေမှုများကိုလည်း ထိရောက်စွာ ကာကွယ်ဟန့်တားသွားဖို့ လိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့ ရေမြေသဘာဝယဉ်ကျေးမှု ဓလေ့ထုံးစံများအရ တိုင်းရင်းဆေးပညာရပ်များ တည်ရှိနေကြခြင်းကြောင့် ဘိုးဘွားအမွေအနှစ် အမျိုးသားဆေးပညာရပ်အနေဖြင့် အားကိုးအားထား ပြုနေကြဆဲဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
အခြားအခြားသော ဆေးပညာနှင့် ဆေးဝါးများ တိုးတက်လာခြင်းကြောင့် အသုံးပြုနေကြပြီဖြစ်သလို တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများသည်လည်း ကျန်းမာရေးအတွက် ဆက်လက်မှီခို အားထားအသုံးပြုနေကြရမည်ဖြစ်ကြောင်းကို အားလုံးအသိပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို နှစ်စဉ်ကျင်းပပေးရခြင်းသည် တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာနှင့် ပိုမိုစောင့်ရှောက်နိုင်ရေးကို ရည်မှန်းချက်ထားရှိပြီး ကျင်းပခြင်းဖြစ်ခြင်းကြောင့် ယခုညီလာခံကြီးတွင် တွေ့ဆုံကြသည့် နိုင်ငံတစ်နံတစ်လျားက တိုင်းရင်းဆေးပညာရှင်များ စုပေါင်းညီညာချစ်ခင်ရင်းနှီးစွာဖြင့် တိုင်ပင်ဆွေးနွေးနှီးနှောနိုင်ကြပါစေ၊ မြန်မာ့တိုင်းရင်းဆေးနှင့် ဆေးပညာဖွံ့ဖြိုးတိုးတက်မှု အရှိန်ကိုမြှင့်တင်ပြီး ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုတိုးမြှင့် စောင့်ရှောက်ပေးနိုင် ကြပါစေကြောင်း ယာယီသမ္မတက ပြောကြားသည်။
