၁၇.၁၂.၂၀၂၅
Written by NYL
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လက်လွတ်စပယ် အိမ်ပြည့်ရွေးချယ်ထားတာမဟုတ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူးနှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ဒီဇင်ဘာ ၁၅ ရက်က ပျော်ဘွယ်မြို့နယ် လက်သဲကြိုးကျေးရွာအုပ်စု လက်သဲကြိုးကျေးရွာ၊ ထန်းပင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာနှင့် ဘိုကုန်းကျေးရွာများသို့သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများနှင့်သွားရောက်တွေ့ဆုံစဥ် ပြောကြားခဲ့ကြောင်း သိရသည်။


“ပြည်ခိုင်ဖြိုးပါတီက ဝင်ပြိုင်တဲ့ကိုယ်စားလှယ်တွေကို လက်လွတ်စပယ် အိမ်ပြည့်ရွေးချယ်ထားတာမဟုတ်ဘူး။ ငါးယောက်ပြိုင်ရမယ်ဆိုလို့ ငါးယောက်ကောက်ထည့်လိုက်တာမဟုတ်ဘူး။ အရည်အချင်းတွေကို စစ်တယ်။ သတ်မှတ်ထားတဲ့ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့အရည်အချင်းဟာ ဘွဲ့ရရမယ်လို့ ကျွန်တော်တို့ပါတီက သတ်မှတ်ထားတယ်။ သို့သော်လည်း နိုင်ငံတော်က ပြန်လျှော့ထားတယ်။ ဆယ်တန်းအောင်မြင်ပြီးမြောက်ရင်ရတယ်ဆိုပြီး သတ်မှတ်ထားတယ်။ အတွေ့အကြုံရှိတဲ့သူတွေ၊ တကယ်ပညာတက်တဲ့သူတွေ၊ လုပ်ဖူးကိုင်ဖူးတဲ့သူတွေ၊ လုပ်တတ်ကိုင်တတ်တဲ့သူတွေ၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေကို ကျွန်တော်တို့ပါတီက ရွေးချယ်ထားတယ်။ နိုင်ငံ့အကျိုးအတွက် လုပ်ချင်ကိုင်ချင်သူတွေ၊ တကယ်ကျွမ်းကျင်တဲ့သူတွေကိုပဲ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးချယ်ထားတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ထန်းပင်ကျေးရွာပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် ကိုယ်စားလှယ်လောင်းများကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်တို့ဖြင့် အတွေ့အကြုံမှတ်တမ်းများကို ကြည့်ပြီး ရွေးချယ်ထားသူများဖြစ်ပြီး ၎င်းတို့ကို ယုံကြည်စွာမဲပေးနိုင်ကာ မဲပေးရကျိုးနပ်စေရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ဆက်လက်ပြောကြားသည်။
“ရွေးတာကိုလည်း စည်းမရှိကမ်းမရှိ ရွေးတာမဟုတ်ဘူး။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်ဆိုပြီး အဆင့်ဆင့် ဒီပုဂ္ဂိုလ်တွေကို သူတို့ရဲ့အတွေ့အကြုံတွေ မှတ်တမ်းတွေကို ကြည့်ပြီးရွေးချယ်ထားတာဖြစ်တဲ့အတွက် ဒီကိုယ်စားလှယ်တွေကို မိဘပြည်သူတွေအနေနဲ့ ယုံကြည်စိတ်ချစွာမဲပေးနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ကိုယ်စားလှယ်တွေကို ယုံယုံကြည်ကြည်နဲ့မဲပေးပါ။ ဒီလူတွေကို မဲပေးလို့ မဲပေးရကျိုးနပ်ရပါစေမယ်” ဦးသောင်းအေးက ပြောကြားခဲ့သည်။
ပျော်ဘွယ်မြို့နယ်သည် ဇင်ဘာလ ၂၈ရက်နေ့တွင်စတင်ကျင်းပမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်လျက်ရှိသည်။
ထို့ပြင် ပျော်ဘွယ်မြို့နယ် လက်သဲကြိုးကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများနှင့် သွားရောက်တွေ့ဆုံရာတွင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးနှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးအောင်နိုင်ညွှန့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဒေါ်သန်းသန်းအေးတို့လည်း လိုက်ပါ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
Ref: USDP News



