၁၇. ၁၂. ၂၀၂၅
Written by Nyein Kyaw
မူလရုပ်ရှင်လုပ်ငန်းအမျိုးအစား (၈) မျိုးအပြင် ရုပ်ရှင်နှင့်ပတ်သက်သည့် လုပ်ငန်းအမျိုးအစား (၆) မျိုးကိုလည်း လုပ်ငန်းလိုင်စင် လျှောက်ထားရယူပြီးမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၅၉/၂၀၂၄) ဖြင့် ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ရုပ်ရှင်ဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁၄၉/၂၀၂၅) ဖြင့် ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများကို ထုတ်ပြန်ပြီးဖြစ်သည်။
အဆိုပါနည်းဥပဒေများအရ မူလရုပ်ရှင်လုပ်ငန်းအမျိုးအစား (၈) မျိုးအပြင် ရုပ်ရှင်သင်တန်းကျောင်းဖွင့်လှစ်ခြင်း၊ ရုပ်ရှင်ရိုက်ကူးရေးသုံးပစ္စည်းများငှားရမ်းခြင်း၊ ရုပ်ရှင်ထုတ်လုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်း၊ ရုပ်ရှင်စတူဒီယို(Studio) တည်ထောင်လုပ်ကိုင်ခြင်း၊ ရုပ်ရှင်ကား အရုပ်၊ အသံကူးပြောင်းမှုနှင့် အထူးပြုလုပ်ချက်များ ဆောင်ရွက်ခြင်း၊ အွန်လိုင်း (Online) ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ အက်ပလီကေးရှင်းများ (Applications) အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း၊ အွန်လိုင်းပလက်ဖောင်းများ (Online Platforms) အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း စသည့် လုပ်ငန်း (၆) မျိုးကိုလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လုပ်ငန်းလိုင်စင် လျှောက်ထားရယူပြီးမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ရုပ်ရှင်ရုံလိုင်စင်အသစ် လျှောက်ထားခြင်း၊ သက်တမ်းတိုးမြှင့်ခြင်းတို့ကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)/ တိုင်းဒေသကြီး/ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများသို့ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၁၇ – ၅၃၆၃၆၁ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း အသိပေးကြေညာထားသည်။
