◾ ထိန်းချုပ်ထားတဲ့ ရုရှားပိုင် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင်ရန်ကြိုးစားမှုအစီအစဉ် မအောင်မြင်ပါက ဥရောပသမဂ္ဂသည် နှစ်ပေါင်းများစွာ ပြင်းထန်စွာ ထိခိုက်နစ်နာရလိမ့်မည်ဟု ဂျာမနီ အဓိပတိ မာ့ဇ် ပြောကြား
၁၇.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဂျာမနီအဓိပတိ ဖရိုက်ဒရစ်ချ် မာ့ခ်ဇ်က ဥရောပသမဂ္ဂဟာ ဘရပ်ဆဲလ်မြို့မှာ အခုအပတ်အတွင်း ကျင်းပမယ့်ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းအစိုးရကို ကြွေးမြီအခက်အခဲမှ ကင်းဝေးစွာ ဆက်လက်ရပ်တည်နိုင်စေဖို့ ယူရို ဘီလျံပေါင်းများစွာ ချေးငွေပေးဖို့အစီအစဉ်ကို သဘောတူညီမှု မရရှိခဲ့ပါက နှစ်ပေါင်းများစွာ ပြင်းထန်စွာ ထိခိုက်နစ်နာရလိမ့်မယ်လို့ ဒီဇင်ဘာလ ၁၅ ရက်က သတိပေးခဲ့ပါတယ်။
ဥရောပရှိ ရုရှားဗဟိုဘဏ်ရဲ့ ချုပ်နှောင်ထားတဲ့ ပိုင်ဆိုင်မှုတွေကို အသုံးပြုပြီး ယူကရိန်းအစိုးရကို အသက်ကယ်ချေးငွေ ရရှိဖို့ တွန်းအားပေးရာမှာ မာ့ခ်ဇ်က ဦးဆောင်နေပြီး ထိန်းချုပ်မှုအများစုမှာ ဘယ်လ်ဂျီယံနိုင်ငံမှာ ရှိပါတယ်။ ဥရောပသမဂ္ဂရဲ့ အကြီးမားဆုံး စိုးရိမ်မှုမှာ ရုရှားအစိုးရနဲ့ အမေရိကန်အစိုးရတို့ဟာ ဒီဇင်ဘာလ ၁၈ ရက်မှာကျင်းပမယ့် ဥရောပကောင်စီမှာ ယူကရိန်းကို ကယ်တင်ရေး ချေးငွေပေးဖို့အစီအစဉ် သဘောတူညီချက်ကိုတားဆီးဖို့ အဖွဲ့ဝင် ၂၇ နိုင်ငံကြား သဘောထား ကွဲလွဲမှုတွေကို အခွင့်ကောင်းယူ အမြတ်ထုတ်သွားမှာကို ဖြစ်ပါတယ်။
ဖရိုက်ဒရစ်ချ် မာ့ခ်ဇ်က “ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မလှည့်စားကြပါနဲ့။ ဒီကိစ္စမှာ မအောင်မြင်ခဲ့ဘူးဆိုရင် ဥရောပသမဂ္ဂရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ရေရှည်မဟုတ်ရင်တောင် နှစ်အတော်ကြာဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာသွားလိမ့်မယ်” လို့ ဒီဇင်ဘာလ ၁၅ ရက်က ဘာလင်မြို့မှာပြောခဲ့ပါတယ်။
ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေ ကျောထောက်နောက်ခံပြုထားတဲ့ ယူရို ၂၁၀ ဘီလျံ ချေးငွေနဲ့ပတ်သက်လို့ မာ့ခ်ဇ်ကပြောခဲ့ရာမှာ “အခုကာလက ကျွန်တော်တို့သမိုင်းမှာ အလွန်အရေးကြီးတဲ့ အချိန်ပါ။ ဒီသဘောတူညီချက်ကို မရယူနိုင်ခဲ့ရင် ဥရောပအနေနဲ့ မိမိရဲ့ နိုင်ငံရေးအစီအစဉ်ကို ကာကွယ်ဖို့ အတူတကွ ရပ်တည်ပြီး လုပ်ဆောင်နိုင်စွမ်းမရှိဘူးဆိုတာ ကမ္ဘာကို ထုတ်ပြလိုက်သလို ဖြစ်ပါလိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ သံတမန်တွေနဲ့ ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အစီအစဉ်တစ်ခုကို ဆွေးနွေးကြဖို့ ဘာလင်မှာ တွေ့ဆုံနေကြတုန်းမှာ မာ့ခ်ဇ်က ခုလိုပြောခဲ့တာပါ။
ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက်များရရှိရေး ပြဿနာက ဆွေးနွေးပွဲတွေမှာ အဓိကအချက်လည်းဖြစ်ပါတယ်။ ဘာလင်အစည်းအဝေးအတွင်း ဒီအတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတွေချမှတ်ခဲ့တယ်လို့ ဇယ်လန်စကီးနဲ့ မာ့ခ်ဇ်တို့က အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ နေတိုး မဟာမိတ်အဖွဲ့ဝင်တွေလိုပဲ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေရှိတဲ့ အနာဂတ်ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် စဉ်းစားနေတယ်လို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
အခုအပတ် ထိပ်သီးအစည်းအဝေးမှာ ရည်မှန်းချက်အတိုင်း မအောင်မြင်ခဲ့ရင် ဥရောပသမဂ္ဂအတွက် မာ့ခ်ဇ်ရဲ့ ဆိုးရွားလှတဲ့ ခန့်မှန်းသုံးသပ်ချက်က ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန် ကာဂျာ ကာလာ့စ်က ရုရှားပိုင်ဆိုင်မှုတွေအခြေခံမယ့် ချေးငွေဟာ အခုအခါ “ပိုမိုခက်ခဲလာပုံရတယ်” လို့ မှတ်ချက်ချအပြီးမှာ ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။
မာ့ခ်ဇ်ကတော့ ယူကရိန်းနိုင်ငံ ပြန်လည်ထူထောင်ရေး ချေးငွေအကူအညီပေးရာမှာ ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို အသုံးပြုခြင်းက ဥရောပအတွက် လာမယ့်နှစ်မှာ ယူကရိန်းကို ကြွေးမြီကင်းစေဖို့ တစ်ခုတည်းသော ယုံကြည်စိတ်ချရတဲ့ နည်းလမ်းလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဘရပ်ဆဲလ်မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံလုံးရဲ့ ဖိအားပေးမှုအောက်မှာ ရှိနေတဲ့ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ ဒီသဘောတူညီမှုကိုဆန့်ကျင်မှုနဲ့အတူ သဘောတူညီချက်ရရှိရေး တွန်းအားဟာ လမ်းကြောင်းလွဲသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။
ဘယ်လ်ဂျီယံဝန်ကြီးချုပ် ဘတ်ဒီ ဝီဗာက ဥရောပသမဂ္ဂက ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူမယ်ဆိုရင် ဖြစ်လာမယ့် ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို ဖော်ပြခဲ့ပြီး ရုရှားအစိုးရက ငွေသားအများစုကို ထိန်းချုပ်ထားတဲ့ ဘယ်လ်ဂျီယံဘဏ်ကို တရားစွဲဆိုဖို့ လုပ်ဆောင်ပြီးသွားပြီလို့ ပြောကြားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ချေးငွေကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်နေတဲ့ ဥရောပအကြီးတန်းအရာရှိနှစ်ဦးက အမေရိကန်ဟာ ဥရောပသမဂ္ဂနိုင်ငံတွေကို ဒီအစီအစဉ်ကို ဆန့်ကျင်ဖို့ ဖိအားပေးနေတယ်လို့ ပြောခဲ့ပါတယ်။
“အမေရိကန်တွေဟာ ယူကရိန်းကို ရုရှားက မသိမ်းရသေးတဲ့ နယ်မြေတချို့ကို စွန့်လွှတ်ဖို့ တောင်းဆိုနေရုံသာမက ဥရောပနိုင်ငံအတော်များများကိုလည်း ယူကရိန်းကို ယူရို ၂၁၀ ဘီလျံ စစ်လျော်ကြေးချေးငွေ မပေးဖို့လည်း တွန်းအားပေးနေပါတယ်” လို့ ဥရောပအကြီးတန်းအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
ပေါက်ကြားလာတဲ့ အမေရိကန်-ရုရှား ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းအရ ဝါရှင်တန်ဟာ ပိုင်ဆိုင်မှုတွေရဲ့အစိတ်အပိုင်းတစ်ခုကို အမေရိကန်ဦးဆောင်တဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေဆီ ဦးတည်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီဥရောပအရာရှိတွေကပဲ အမေရိကန်ဟာ ယူကရိန်းကိုကူညီဖို့ ပိုင်ဆိုင်မှုတွေ အသုံးပြုတာကို အခြေခံဆန့်ကျင်မှုကို မစွန့်လွှတ်ခဲ့ဘူးလို့ ပြောပါတယ်။
မာ့ခ်ဇ်ကတော့ ရုရှားပိုင်ဆိုင်မှုတွေကို အမေရိကန်ရဲ့ စီးပွားရေးအားသာချက်ဆီ မလွှဲပြောင်းသင့်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။
ဘရပ်ဆဲလ်မှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို သွားရောက်တုန်းကလည်း ဥရောပသမဂ္ဂရဲ့ ထိပ်တန်းသံတမန် ကာဂျာ ကာလာ့စ်က လာမယ့်နှစ်မှစလို့ ယူကရိန်းကို စစ်လျော်ကြေးချေးငွေနဲ့ပတ်သက်လို့ ဘက်ပေါင်းစုံမှ သိသာထင်ရှားတဲ့ ဖိအားတွေကို ထောက်ပြခဲ့ပါတယ်။
ဘယ်လ်ဂျီယံ အစိုးရက ယူကရိန်းကို ကူညီဖို့ ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို အသုံးပြုဖို့ကို ကြာမြင့်စွာ ဆန့်ကျင်ခဲ့တာပါ။ မကြာသေးမီရက်များအတွင်း အီတလီ၊ ဘူလ်ဂေးရီးယားနဲ့ မော်လ်တာနိုင်ငံတို့က ဒီအစီအစဉ်ကို ဆန့်ကျင်ခဲ့ကြပြီး ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားနိုင်ငံတို့ကလည်း အရင်ကတော့ ကန့်ကွက်တဲ့လေသံထွက်ခဲ့ကြတာပါ။ ချက်နိုင်ငံ ဝန်ကြီးချုပ်အသစ် အန်ဒရီ ဘာဘီးစ်ကလည်း ချက်အစိုးရအနေနဲ့ ဘယ်လ်ဂျီယံကို ကျောထောက်နောက်ခံပြုဖို့ ဘယ်လိုဘဏ္ဍာရေးအာမခံချက်မှ မပေးဘူးလို့ ပြောကြားကာ ချေးငွေကို ဆန့်ကျင်ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က အရေးပေါ်အာဏာကို အသုံးပြုပြီး ပိုင်ဆိုင်မှုတွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းဖို့ ဥရောပသမဂ္ဂက ဆုံးဖြတ်ချက်ချပြီးနောက် ပိုင်ဆိုင်မှုတွေကို ထုတ်ယူဖို့ တညီတညွတ်တည်း ထောက်ခံမှု မလိုအပ်ပါဘူး။ အထက်တွင်ဖော်ပြထားတဲ့ နိုင်ငံခုနစ်နိုင်ငံစလုံးက ထင်ထင်ရှားရှား ကန့်ကွက်နေပေမယ့် ထောက်ခံမဲအများစုနဲ့ မဲပေးကာ အောင်မြင်နိုင်ဆဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိတ်ဆို့ဆန့်ကျင်တဲ့ လူနည်းစုက ဥရောပသမဂ္ဂလူဦးရေရဲ့ ၃၅ ရာခိုင်နှုန်း ရှိဖို့လိုအပ်လို့ပါ။ ဒါပေမယ့် ပိုင်ဆိုင်မှုအများစုဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ ရှိနေတာဖြစ်လို့ ဘယ်လ်ဂျီယံကို ကျော်လွှားဖို့ လွယ်ကူမှာမဟုတ်ဘူး၊ ဒီတော့ကျွန်တော်တို့လုပ်ဆောင်သမျှကို ဘယ်လ်ဂျီယံအနေနဲ့ သဘောတူညီဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်လို့ ကာလာ့စ်က ပြောကြားခဲ့ပါတယ်။
ဒါကြောင့်လည်း ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ယူကရိန်းကို ချေးငွေပေးမယ့် အစီအစဉ်က ဥရောပသမဂ္ဂအတွင်း အကွဲအပြဲတွေ ဖြစ်လာစေပြီး ဘယ်ထိသက်ရောက်မှုရှိမလဲ စောင့်ကြည့်ရမှာပါ။
Ref- Politico
