နေမိုး
၁၇. ၁၂. ၂၀၂၅
မွန်ပြည်သစ်ပါတီ(NMSP-AD) ၏ ရာမညမွန်တပ်တော်(RMA) မှ ခေါင်းဆောင်ပိုင်းအရာရှိတစ်ဦးဖြစ်သည့် ဗိုလ်မှူး မိုးကြိုးသည် ရေး-ထားဝယ် ကားလမ်းမပေါ် စျေးကားတိုက်ခံရသဖြင့် ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီခန့်က သေဆုံးသွားခဲ့သည်။
ရေး-ထားဝယ် ကားလမ်းမသည် PDF များက အများပြည်သူယာဉ်များ၊ အဝေးပြေး ခရီးသွားယာဉ်များကို ပစ်ခတ်သတ်ဖြတ်လုယက်မှုများဖြင့် နာမည်ကျော်သည့် လမ်းပိုင်းလည်းဖြစ်ပြီး ဗိုလ်မှူးမိုးကြိုးသည် ရေး-ထားဝယ် ကားလမ်းမ ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းရှိ ကျေးရွာတစ်ရွာလမ်းပိုင်းတွင် အများပြည်သူကားများကို တားဆီးဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခြင်းများ လုပ်ဆောင်နေစဉ် စျေးကားဝင်တိုက်ခံရခြင်းဖြစ်သည်။
ဆက်ကြေးကောက်နေသည့် ဗိုလ်မှူးမိုးကြိုးကို နောက်ကဝင်တိုက်သောယာဉ်မှာ အဆိုပါလမ်းပိုင်းတွင် အသားငါးရောင်းနေသည့် စျေးကားဖြစ်သည်ဟုလည်း ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။
ကားတိုက်ခံရပြီး သေဆုံးသွားသည့် ဗိုလ်မှူးမိုးကြိုး၏ အသုဘအခမ်းအနားကို နေ့ချင်းပင်ပြုလုပ်လိုက်ပြီး ယာဉ်မောင်းကိုမူ ဖမ်းဆီးစစ်ဆေးနေသည်ဟုလည်း သိရသည်။ ဗိုလ်မှူးမိုးကြိုးသည် အများပြည်သူကားများကို တားဆီးဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခြင်းများ လုပ်ဆောင်နေစဉ် စျေးကားတိုက်သဖြင့် သေဆုံးရခြင်းဖြစ်သဖြင့် မိခင်တပ်ရင်းကပင် မည်သည့်တရားဝင်ထုတ်ပြန်ချက်မျှ ယခုအချိန်အထိ ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ကျန် မြိတ်၊ ထားဝယ်၊ ရေး စသည့် တနင်္သာရီ PDF များကမူ ဝမ်းနည်း၊ ဂုဏ်ပြုကြောင်း ပေးပို့နေကြသည်။




