◾️ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကို အသုံးပြုကာ “A4” စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်
၁၇. ၁၂. ၂၀၂၅
Written by Nyein Kyaw
ငွေစက္ကူအတု ပြုလုပ်ခြင်း၊ အတုကို ပြည်ပမှတင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် အနှစ် ၂၀ နှင့် ငွေစက္ကူအတုများကို အတုမှန်းသိလျက် သုံးစွဲပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယနေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုများအား သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာ ကွဲပြားခြားနားမှုမှာ အောက်ပါအတိုင်းဖြစ်သည်။
ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ “A4” စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်သည်။
စက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော အချက်များသည် ငွေစက္ကူ၏ စက္ကူသားမှာ ကြမ်းရှရှရှိနေခြင်းဖြစ်သည်။ ငွေစက္ကူအတုတွင် ပြောင်ချောနေပြီး ငွေစက္ကူ၏ ရှေ့မျက်နှာစာ လက်ဝဲဘက်ထောင့်ရှိ အညိုရောင်ကနုတ်ပန်းကို လက်ဖြင့်စမ်းသပ်ကြည့်ပါက ကြမ်းရှရှဖြစ်နေကာ ဘေးတိုက်တိမ်းစောင်းကြည့်ခြင်း၊ အလင်းရောင်ဖြင့် ၄၅ ဒီဂရီတိမ်းစောင်း၍ကြည့်ပါက CBM စာသားကို ပေါ်လွင်ပြတ်သားစွာ တွေ့မြင်ရသည်။
ငွေစက္ကူအတုတွင် မတွေ့ရခြင်းများမှာ ငွေစက္ကူမျက်နှာပြင်ပေါ်ရှိ ဒေါင်လိုက်ရိုက်နှိပ်ထားသော “တစ်သောင်းကျပ်” စာသားနှင့် တန်ဖိုး “၁၀၀၀၀” ဂဏန်းများကို လက်ဖြင့် ပွတ်ဆွဲကြည့်ပါက ကြမ်းရှရှရှိနေခြင်းဖြစ်သည်။ ငွေစက္ကူအတုတွင် ပြောင်ချောနေပြီး ငွေစက္ကူမျက်နှာစာဘက်ရှိ “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” စာတမ်းကို လက်ဖြင့် ပွတ်ဆွဲကြည့်ပါက ကြမ်းရှရှရှိနေခြင်း၊ အလွယ်ကူဆုံးအချက်အနေဖြင့် လုံခြုံရေးကြိုးမှာ အထက်အောက် လှုပ်ရှားကြည့်ပါက အရောင်ပြောင်းလဲခြင်းဖြစ်သည်။
ငွေစက္ကူအတုတွင် ငွေစက္ကူအစစ်ကဲ့သို့ အရောင်မပြောင်းပေ။ ငွေစက္ကူအစစ်တွင် လုံခြုံရေးကြိုးသည် ဒေါင်လိုက်တည့်မတ်စွာမြှုပ်ထားပြီး တစ်ပိုင်းပေါ် တစ်ပိုင်းမြှုပ်ဖြင့် ထည့်သွင်းထားခြင်းကြောင့် ပေါ်နေသောအစိတ်အပိုင်းများသည် စတုဂံကျကျသေသပ်စွာရှိမနေခြင်းနှင့် ငွေစက္ကူကိုအလင်းရောင်တွင် ထောင်ကြည့်ပါက တဆက်စပ်တည်း မြင်ရခြင်းဖြစ်သည်။
ငွေစက္ကူအတု၏ လုံခြုံရေးကြိုးမှာ အပေါ်မှသေသပ်စွာ ဒေါင်ကျကျကပ်ထားခြင်းသာဖြစ်ပြီး အတွင်းမြှုပ်နှံထားခြင်းမရှိချေ။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ(၁၀၁)အရ တားမြစ်ထားသော ငွေစက္ကူအတုများအား အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းပြုလုပ်ပါက မည်သူမဆို ပုဒ်မ(၁၀၁)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ(၁၀၅) အရ ထိုသူကို ငွေဒဏ် ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ(၁၀၂)အရ ငွေစက္ကူအတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှတင်သွင်းခြင်း (သို့မဟုတ်) ပြည်ပသို့တင်ပို့ခြင်းတို့ကို ကျူးလွန်ပါက မည်သူမဆို ပုဒ်မ(၁၀၂) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ(၁၀၆)အရ ထိုသူကို အနည်းဆုံးထောင်ဒဏ် (၁၀)နှစ်မှ အများဆုံးထောင်ဒဏ်နှစ်(၂၀) အထိ ချမှတ်ခံရနိုင်သည်။
ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် ငွေစက္ကူအတုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးသွားပါရန်နှင့် တာဝန်ရှိသူအသီးသီးမှလည်း တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
