၁၇.၁၂.၂၀၂၅
Photo by Thiri
မြန်မာ့ဒီမိုကရေစီ ခေတ်ဦးဖြစ်တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲမှာ NDF ပါတီကနေ အလုံမြို့နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ပြည်သူ့လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးခင်မောင်ရည် (ခ) ဦးခိုင်မောင်ရည်က အခု လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာလည်း တစ်သီးပုဂ္ဂလ အမတ်လောင်းအဖြစ် အလုံမြို့နယ်ကနေပဲ ပြည်သူ့လွှတ်တော် အမတ်လောင်းနေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံနေပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်န့ မနက်ပိုင်းမှာ ဦးခိုင်မောင်ရည်က အလုံ ဆင်မင်းဈေး၊ မနော်ဟရီအိမ်ရာနဲ့ သစ်တောရပ်ကွက်တွေမှာ မဲဆွယ်စည်ရုံးရေးအနေနဲ့ သွားရောက်ကာ လက်ကမ်းစာစောင် ဝေငှတာ၊ ပြည်သူနဲ့ တွေ့ဆုံကာ သူရဲ့ ကတိကဝတ်တွေကို ပြောပြဆွေးနွေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဦခိုင်မောင်ရည်က “လွှတ်တော်ထဲ ရောက်ရောက်ခြင်း ဆောင်ရွက်ရမယ့် ကိစ္စကတော့ All Inclusive ဖြစ်ဖို့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ခရီးရောက်ဖို့ အမျိုးသားပြန်လည်မြတ်ရေးက နံပါတ်တစ် ဖြစ်ပါတယ်။ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်လာဖို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်က အရေးကြီးဆုံးပါပဲ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ စကားရပ်ကို အရင်တုန်းက အသုံးအနှုန်းနဲ့ ပြောရမယ်ဆိုရင် မြေပေါ် မြေအောက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်လို့ သုံးရမှာ ဖြစ်ပါတယ်။ နိုင်ငံကို အစိုးရကို လက်နက်ကိုင်ပြီးတော့ တော်လှန်နေတဲ့သူတွေ အပါအဝင် အကျဉ်းကျနေတဲ့ သူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးအပါအဝင် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ခေါင်းစဉ် ပီပီပြင်ပြင်နဲ့ ပေါ်ထွက်လာဖို့ တိုက်တွန်းဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
လက်ရှိ တိုင်းပြည်အခြေအနေဟာ မိမိတို့ ဖြစ်စေချင်တဲ့ပုံစံ မရောက်လာသေးကြောင်း၊ ရွေးကောက်ပွဲဟာ ပါသင့် မပါသင့် သူ့အနေနဲ့စဉ်းစားခဲ့ကြောင်း၊ နိုင်ငံရဲ့ လက်ရှိအခြေအနေက ၈၈ တုန်းက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေထက် ပိုဆိုးကြောင်း၊ လက်နက်တွေ၊ လက်နက်ကိုင်အဖွဲ့တွေ များစွာပေါ်ထွက်လာကာ လက်ရှိမငြိမ်းချမ်းတဲ့ အခြေအနေကို ကျော်ဖြတ်နိုင်အောင် ကြိုးစားဖို့ လိုကြောင်း၊ အဲ့ဒီအခြေအနေက ငါးနှစ်တာ ကာလအထိ ဆိုက်ရောက်လာပြီဖြစ်ပြီး မြို့နယ်တချို့က လုံးလုံးလျားလျား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လက်အောက်ကို ရောက်သွားတာ တွေ့ရကြောင်း၊ တိုင်းပြည်မှာ အကောင်းဘက်နဲ့ အဆိုးဘက် ယှဉ်တွေးကြည့်တဲ့အခါ အခြေအနေမှာ အဆိုးဘက်ကို ပိုရောက်နေကြောင်း၊ မိမိအနေနဲ့ ပြည်သူအတွက် ပြောရဲဆိုရဲသူတစ်ဦးအနေနဲ့ ရှေ့ထွက်ဖို့ လိုအပ်လို့ ရွေးကောက်ပွဲကို ဝင်ရောက် ရွေးကောက်ခံရခြင်းဖြစ်ကြောင်း စသဖြင့် စည်းရုံးရေးမိန့်ခွန်းတွေမှာ ပြည်သူကို ပြောပြပါတယ်။








