သက်တံ့
၁၇. ၁၂. ၂၀၂၅
ထိုင်ဝမ်(တရုတ်-တိုင်ပေ)ရဲတပ်ဖွဲ့သည် ၎င်း၏ချစ်သူအပါအဝင် ထိုင်းအမျိုးသမီး ၁၆ ဦးပါဝင်သည့် ပြည့်တန်ဆာဂိုဏ်းကို ထူထောင်ထားသူ ထိုင်ဝမ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။
၎င်း၏ချစ်သူဖြစ်သည့် ထိုင်းအမျိုးသမီးမှာ စကားပြန်အဖြစ် ဆောင်ရွက်ပေးသည့်အပြင် ထိုင်းနိုင်ငံမှ လိင်အလုပ်သမများကို ထိုင်ဝမ်သို့လာရောက်ရန် စည်းရုံးစုဆောင်းပေးသူလည်း ဖြစ်သည်။

ထိုင်ဝမ်အမျိုးသား လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (NIA) က ဒီဇင်ဘာလ ၁၂ ရက် (သောကြာနေ့) တွင် နယ်စပ်ဖြတ်ကျော် ပြည့်တန်ဆာဂိုဏ်းကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါစစ်ဆင်ရေးကို ဇွန်လကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း တရားစွဲဆိုမှုဆိုင်ရာ လိုအပ်ချက်များနှင့် ခွင့်ပြုချက်အဆင့်ဆင့်ကြောင့် ယခုမှသာ သတင်းထုတ်ပြန်နိုင်ခြင်း ဖြစ်သည်။
NIA ၏ အဆိုအရ နယူးထိုင်ပေစီးတီး အထူးစစ်ဆင်ရေးအဖွဲ့မှ အရာရှိများသည် တရားမဝင် ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းပေးချက်အရ အဆောင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့သည်။
စီးနင်းမှုအတွင်း ရဲတပ်ဖွဲ့သည် အဆိုပါနေရာတွင် နေထိုင်နေသည့် ထိုင်းအမျိုးသမီး ၁၆ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးသည် “ဝူ” (Wu) ဟု အမည်ရသည့် ထိုင်ဝမ်အမျိုးသားတစ်ဦး စီစဉ်ပေးသည့် ပြည့်တန်ဆာလုပ်ငန်းတွင် ပါဝင်ပတ်သက်နေကြသူများ ဖြစ်သည်။
ထိုထိုင်းအမျိုးသမီးများထဲတွင် ထိုင်ဝမ်၌ ပညာသင်ကြားဖူးသည့် တက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦး ပါဝင်သည်။ သူမသည် တရုတ်စကား ကျွမ်းကျင်သည့်အတွက် အဖွဲ့၏ စကားပြန်အဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ သူမသည် အစပိုင်းတွင် လိင်အလုပ်သမအဖြစ် လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဝူနှင့် ချစ်ကြိုက်ခဲ့ကြသည်။ ထို့နောက်တွင်မူ သူမအား တစ်လလျှင် ထိုင်ဝမ်ဒေါ်လာ ၃၀,၀၀၀ လစာပေးကာ စကားပြန်အဖြစ်လည်းကောင်း၊ ထိုင်းအမျိုးသမီးများကို ထိုင်ဝမ်သို့ လာရောက် ပြည့်တန်ဆာလုပ်ကိုင်ရန် စည်းရုံးစုဆောင်းသူအဖြစ်လည်းကောင်း လုပ်ကိုင်စေခဲ့သည်။
ဖောက်သည်များသည် အဆိုပါဂိုဏ်းကို Facebook နှင့် LINE တို့မှတစ်ဆင့် ဆက်သွယ်ကြခြင်းဖြစ်သည်။ ချိတ်ဆက်မှုများ ပြုလုပ်ပြီးနောက် ယာဉ်မောင်းများက အမျိုးသမီးများကို ထောက်ယွမ်နှင့် ဆင်ချူးမြို့များရှိ ဟိုတယ် သို့မဟုတ် စားသောက်ဆိုင်များသို့ ပို့ဆောင်ပေးကာ ဝန်ဆောင်မှုပေးစေခြင်း ဖြစ်သည်။

ပြည့်တန်ဆာဝန်ဆောင်မှုတစ်ခုလျှင် ထိုင်ဝမ်ဒေါ်လာ ၄,၀၀၀ ရရှိပြီး ဝူက ပွဲစားခအဖြစ် တစ်ကြိမ်လျှင် ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀ မှ ၁,၅၀၀ အထိ ဖြတ်ယူကာ ကျန်ရှိသည့်ငွေကို လိင်အလုပ်သမများကို ပေးခဲ့သည်။ စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့သည် အဆိုပါ ထိုင်းအမျိုးသမီးများ နေထိုင်သည့် အဆောင်ပိုင်ရှင် ထိုင်ဝမ်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ ၎င်းကမူ ပြည့်တန်ဆာဂိုဏ်းနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး ဤတရားမဝင်လုပ်ငန်းများအကြောင်းကို မသိရှိကြောင်း ပြောကြားခဲ့သည်။
အာဏာပိုင်များက ဝူ နှင့် အဆောင်ပိုင်ရှင် နှစ်ဦးလုံးကို ထိုင်ဝမ်၏ အလုပ်အကိုင်ဝန်ဆောင်မှု အက်ဥပဒေ (Employment Services Act) ချိုးဖောက်မှုဖြင့် ကနဦး တရားစွဲဆိုထားပြီး တစ်ဦးလျှင် ထိုင်ဝမ်ဒေါ်လာ ၁၅၀,၀၀၀ စီ ဒဏ်ရိုက်ခဲ့သည်။ ထိုင်းအမျိုးသမီး ၁၆ ဦးလုံးကိုမူ စုံစမ်းစစ်ဆေးမှုများအပြီးတွင် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
Ref : The Thaiger
