၁၇.၁၂.၂၀၂၅
Written by Linn Eain
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရှိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (National Search and Rescue Team) အား နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေး INSARAG အသိအမှတ်ပြု Medium Team အဖြစ် ဖွဲ့စည်းနိုင်အောင် ကြိုတင်စုဖွဲ့လေ့ကျင့်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
အဆိုပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (National Search and Rescue Team)အတွက် အသစ်ဝယ်ယူဖြည့်တင်းထားရှိသော ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/ စက်ပစ္စည်းကိရိယာများပြသခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြသခြင်း အခမ်းအနားကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ယနေ့ ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရမှုများအပေါ် သုံးသပ်ချက်၊ သင်ခန်းစာဖော်ထုတ်ချက်များအရ မီးသတ်ဦးစီးဌာနတွင် ဖွဲ့စည်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (National Search and Rescue Team)အား နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြံပေးအဖွဲ့ (International Search and Rescue Advisory Group – INSARAG)၏ အသိအမှတ်ပြု Medium Team အဖြစ် ဖွဲ့စည်းနိုင်ရန် ကြိုတင်စုဖွဲ့ပြင်ဆင်လေ့ကျင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်မှ အဆိုပါ Team အတွက် လိုအပ်သော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်/ စက်ပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းပေးခဲ့ပြီးဖြစ်ရာ အဆိုပါ ယာဉ်/ စက်ပစ္စည်းကိရိယာများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (National Search and Rescue Medium Team)များ၏ ငလျင်ဘေးအန္တရာယ်တုံ့ပြန် ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Photo-MFSD














