◾️ စီမံကိန်းနှင့်ပတ်သက်ပြီး အဓိကတောင်းဆိုမှုသည် ငလျင်ကြောင့် တမံပြိုကျမည့်အန္တရာယ်ဖြစ်၍ ယခင်တွက်ချက်ထားသည့် ဒီဇိုင်း ၇ ဒသမ ၁ မဂ္ဂနီကျူထက် ပိုမိုခံနိုင်ရည်ရှိသည့် ဒီဇိုင်းအား ACPE အဖွဲ့မှ ပညာရှင်များဖြင့် အကြံပြုတွက်ချက်သွားမည်
◾️ မြစ်ဆုံစီမံကိန်းအား စီးပွားရေးအရ တွက်ချေကိုက်နိုင်မည့် အဆိုပြုပုံစံသုံးရပ်ကို ဆန်ခါတင် စိစစ်ခဲ့ပြီး တပ်ဆင်စက်အင်အား ၅,၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်
◾️ ရေအောက်ကြမ်းပြင် ထိန်းညှိလုပ်ငန်းများပါ ထည့်သွင်းထား၍ နှစ်စဉ် မြစ်ကြီးနားမြို့ ရေဝင်ရေကြီး နစ်မြုပ်မှုမှလည်း ကင်းရှင်းစေမည်
၁၇. ၁၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် မြစ်ကြီးနားတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် Polytechnic University မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံစဉ် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ပြောကြားခဲ့ရာ ဒေသခံတိုင်းရင်းသားပြည်သူ၊ ရပ်မိရပ်ဖနှင့် အသင်းအဖွဲ့တာဝန်ရှိသူများက သဘောကျလက်ခံခဲ့ကြသည်။
မြစ်ဆုံစီမံကိန်းကို မိမိတိုင်းမှူးလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့် တမံတည်ဆောက်ရေးစီမံကိန်း စတင်ချိန်နီးမှသာ နိုင်ငံရေးအကျပ်အတည်းနှင့် မမျှော်မှန်းနိုင်သော အကြောင်းတရားများကြောင့် စီမံကိန်းရပ်တန့်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းတည်ဆောက်ရေးနှင့် ပတ်သက်၍ ဒေသခံပြည်သူများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အကြေအလည်ဆွေးနွေးရသည့်အချက်မှာ ငလျင်ကြောပေါ်တွင် ရှိနေသည့်အတွက် တမံပြိုကျပါက ဖြစ်ပေါ်လာမည့် အန္တရာယ်များအတွက် မေးခွန်းများအပေါ် တမံတည်ဆောက်မှုဒီဇိုင်း၌ ငလျင်ဒဏ်ခံနိုင်သည့်ဒီဇိုင်းဖြင့် တည်ဆောက်ရန် ဆွေးနွေးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
အဆိုပါ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနေရာသည် စစ်ကိုင်းပြတ်ရွှေ့ကြောမှ ၂၅ ဒသမ ၄ ကီလိုမီတာအကွာတွင် ရှိသည့်အတွက် မူလဒီဇိုင်းအရ Maximum Credible Earthquake MCE မဂ္ဂနီကျူ့ ၇ ဒသမ ၁ ခံနိုင်ရန်ရှိစေရန်အတွက် တွက်ချက်ထားသည့်တမံဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
အဆိုပါစီမံကိန်းတွင် မူလက မေခ၊ မလိခမြစ်တစ်လျှောက် စီမံကိန်း ၆ ခုအနက် မြစ်ဆုံ ၆၀၀၀ MW (မဂ္ဂါဝပ်) အပါအဝင် စုစုပေါင်း ၁၉,၀၉၉ MW(မဂ္ဂါဝပ်) စီမံကိန်းရေးဆွဲပြီး ချီဖွေငယ်စ၍ မြစ်ဆုံကို စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မြစ်ဆုံအမှတ်လက္ခဏာ မပျောက်ပျက်စေရေး တမံအမြင့်နှင့် ထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာနှင့် အဆိုပြုနည်းလမ်း ၆ မျိုးဖြင့် အကြိမ်ကြိမ်ဆွေးနွေးပြီး မေခနှင့် မလိခမြစ်ဆုံမှ ရေစီးကြောင်းမပျောက်ပျက်စေဘဲ နှစ်နိုင်ငံဖြစ်နိုင်ခြေရှိပြီး စီးပွားရေးအရ တွက်ချေကိုက်နိုင်မည့် အဆိုပြုပုံစံသုံးရပ်ကို ဆန်ခါတင်စိစစ်ခဲ့ကာ တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ တပ်ဆင်စက်အင်အား ၅,၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
ငလျင်နှင့်ပတ်သက်၍ စစ်ကိုင်းပြတ်ရွေ့မှ အကွာအဝေး ၃၀ ဒသမ ၉ မီတာနေရာရှိ ဇောင်းတူဆည်မှာ မြေသားတမံဖြစ်ပြီး ၆ မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ဖြူးမြို့နယ်အနီး ကွန်းရေလှောင်တမံမှာ ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ကာ ၇ ဒသမ ၉ မဂ္ဂနီကျူ့ ခံနိုင်ရည်ရှိကြောင်း၊ အဆိုပါ ဆည်တမံနှစ်ခုသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ရာတွင် တစ်စုံတစ်ရာချို့ယွင်းမှု မရှိသည်ကို တွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
ယခုမြစ်ဆုံတမံ တည်ဆောက်မည့်နေရာတွင် ယခင်ဒီဇိုင်း ၇ ဒသမ ၁ မဂ္ဂနီကျူဖြင့် တွက်ချက်ထားသော်လည်း ယခုအခါ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု ပမာဏထက် ပိုမိုခံနိုင်ရည်ရှိသည့် ဒီဇိုင်းကို Asia Charter Professional Engineer (ACPE) အဖွဲ့မှ ပညာရှင်များဖြင့် အကြံပြုတွက်ချက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေအောက်ကြမ်းပြင် ထိန်းညှိပေးမည့် လုပ်ငန်းများပါ ထည့်သွင်းထားပြီး နှစ်စဉ် မြစ်ကြီးနားမြို့ ရေဝင်ရေကြီး နစ်မြုပ်မှုမှလည်း ကင်းရှင်းစေမည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်းပေါ် ပင်လယ်အဝအထိ နှစ်စဉ် နွေမိုးဆောင်း ရေပြင်အမြင့် ၁၀ မီတာ အမြဲရှိပြီး ဧရာဝတီတိုင်းဒေသကြီးမှ မြစ်ကြီးနားထိ မြစ်တွင်းသွား သင်္ဘောကြီး/သင်္ဘောငယ်များ သယ်ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ရေအောက်ကြမ်းပြင်မှ ထွက်ရှိလာသည့် နှုံးမြေအနယ်အနှစ်များကိုလည်း ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ လုပ်ကိုင်နေကြသည့် တောင်သူများ၏ စိုက်ပျိုးမြေများအတွက် သဘာဝပေးသည့် အဆီအနှစ်ပြည့်ဝသည့် မြေဩဇာကိုလည်း အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
စီမံကိန်းအောင်မြင်ပါက နိုင်ငံတော်နှင့် ကချင်ပြည်နယ်ကို အကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများရရှိရေးနှင့် ရေလမ်းကြောင်း ရာသီမရွေးအသုံးချနိုင်မည့် အခြေအနေများကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက ကျေနပ်ဝမ်းသာအားရ သဘောကျလက်ခံကြသည်။



