နေမိုး
၁၆. ၁၂. ၂၀၂၅
NUG ဩဇာခံ မင်းကင်းပကဖတာဝန်ခံ ဦးညိုလွင်က အိမ်ထောင်လည်းရှိ ကလေးသုံးဦးရှိတဲ့ PDF မ တစ်ဦးကို နှစ်ကြိမ် မုဒိမ်းကျင့်ခဲ့သလို ရုံးစာရေးခန့်အပ်ထားတဲ့ အခြား PDF မတစ်ဦးကိုလည်း မယားငယ်လုပ်ပြီး အိမ်ထောင်ရေးဖောက်ပြန်တဲ့အပြင် ပြည်သူတွေကို ပြန်ပေးဆွဲငွေညှစ်မှုပါ ကျူးလွန်ထားတယ်လို့ NUG ရဲ့ မင်းကင်းမြို့နယ်အထူးထောက်လှမ်းရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုရလဒ်ကို အစီရင်ခံမှုအရ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ မင်းကင်းပကဖတာဝန်ခံဦးညိုလွင်က ကျောင်းသားတပ်မတော် SRF က PDF မတစ်ဦးကို မုဒိမ်းကျင့်တယ်လို့ NUG ထောက်ခံတဲ့မီဒီယာတွေက ရေးသားခဲ့ကြသလို နှစ်ကြိမ်တိုင်ကြားပေမယ့် NUG က အရေးမယူတာကြောင့် သတင်းမီဒီယာတွေက ရေးသားချိန်မှာ မင်းကင်းထောက်လှမ်းရေးက ဦးညိုလွင်ရဲ့ပြစ်မှုတွေကို စုံစမ်းတင်ပြလာတာဖြစ်ပြီး ဒီတင်ပြစာက ပေါက်ကြားလာတာပါ။
NUG ရဲ့ မင်းကင်းထောက်လှမ်းရေးက မုဒိမ်းပြုကျင့်သူဦးညိုလွင်ရဲ့ ပြစ်မှုတွေကို ဖော်ပြရာမှာ သက်သေတွေနဲ့ဖြစ်ပြီး သူပထမဆုံး မုဒိမ်းကျင့်တာက PDF မ အေးငြိမ်းမြတ် (ခ) မငြိမ်းဆိုသူကိုဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်မှာ ကမ်းပြည့်ရွှေမှော်ကနေ ရွာသစ်ကုန်းရွာအသွား လမ်းမှာမိုးရွာလို့ အူကျေးရွာက ရပ်ကျေးပကဖတာဝန်ခံ ကိုမော့ (ခ) လှိုင်ဆွေဦးနဲ့ ရပ်ကျေးပအဖတာဝန်ခံ ဦးနက်စိန်အိမ်မှာတည်းကြရာမှာ ဦးညိုလွင်က PDF ၁၂ ယောက်ကို ကိုမော့အိမ်ထားပြီး သူကတော့ ဦးနက်စိန်အိမ်မှာ PDF မငြိမ်းနဲ့ လိုက်အိပ်ပြီး ညသန်းခေါင်မှာ မငြိမ်းကို နှစ်ကြိမ်မုဒိမ်းကျင့်ခဲ့တာပါ။ PDF မငြိမ်းရဲ့အောက်ပိုင်းကို မင်းကင်းပကဖဦးညိုလွင်ကိုင်ချိန် အော်ဟစ်ဖို့လုပ်ပေမဲ့ ခန္ဓာကိုယ်လက်နဲ့ဖိပြုကျင့်သွားတယ်ဆိုပါတယ်။ PDF မငြိမ်းဟာ ကလေးသုံးယောက်အမေဖြစ်ပြီး လင်ကလည်းထောင်ကျနေတာကြောင့် မိသားစုသိက္ခာနဲ့အသက်အန္တရာယ်ကြောင့် ငြိမ်ခံခဲ့တယ်လို့ မင်းကင်းထောက်လှမ်းရေးက အစီရင်ခံပါတယ်။

ဦးညိုလွင်ရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုအဖြစ်လည်း ဦးညိုလွင်ဟာ ဇနီး၊ သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိပေမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှာ PDF ၇ ယောက်၊ မင်းကင်းပကဖရုံးမှာ ရုံးအဖွဲ့ဝင်အဖြစ်ခန့်ထားတဲ့ PDF မ ရှုမဝ၊ မွမွလှိုင်တို့ကိုခေါ်ပြီး ဆီကာကျေးရွာကနေ ကမ်းပြည့်ရွှေမှော်သွားချိန်မှာ ရွာသစ်ကုန်းကျေးရွာ ပအဖ ကိုအောင်အိမ်မှာ အတူတူအိမ်ကြသလို သူတို့နှစ်ယောက် ဂိုဒေါင်ထဲဖောက်ပြန်တာကိုလည်း ဦးညိုလွင်ရဲ့မိန်းမဒေါ်မြင့်မာကိုယ်တိုင်ဖမ်းမိပြီး စကားများခဲ့တယ်လို့ မင်းကင်းထောက်လှမ်းရေးက ဖော်ထုတ်ပါတယ်။
ဒါ့အပြင် ဦးညိုလွင်ဟာ ကလေးဝမြို့နယ်က ကံထူးမ၊ တန့်ဆည်၊ ရေဦး၊ မုံရွာ၊ မဟာမြိုင်ကားလမ်းပေါ် ၂၀၂၂၊ ၂၀၂၃ မှာ စစ်ဆေးရေးနဲ့အကောက်ခွန်ဂိတ်ဖွင့်ပြီး ၂၀၂၃ ဩဂုတ် ၁၁ ရက်မှာ ကံထူးမတပ်စခန်းကို ထောက်ပို့လုပ်သူဆိုတဲ့ ဦးစိုင်းဆိုသူကို ဖမ်းဆီးပြီး ဩဂုတ် ၁၈ ရက်မှာ ဦးစိုင်းမိန်းမထံက သိန်း ၁၀၀၀ တောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ မင်းကင်းထောက်လှမ်းရေးက ဖော်ပြထားပြီး မုဒိမ်းကောင်၊ အိမ်ထောင်ရေးဖောက်ပြန်ပြီး ပြန်ပေးဆွဲငွေညှစ်တဲ့ မင်းကင်းမြို့နယ်ပကဖတာဝန်ခံဦးညိုလွင်ကို အရေးယူဖို့ တင်ပြထားတာ တွေ့ရပါတယ်။
