၁၆. ၁၂. ၂၀၂၅
Written by Nyein Kyaw
(၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) ၌ ကျင်းပခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်သည်။
အခမ်းအနားအစီအစဉ်များအတိုင်း ကျင်းပခဲ့ပြီးနောက် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲသို ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်း Video Message ကို ဖွင့်လှစ်ပြသခဲ့သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းဆေးကဏ္ဍကို အလေးအနက်ထား၍ အားပေးချီးမြှောက် မြှင့်တင်ပေးလျက်ရှိကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို အရည်အချင်းပြည့်ဝသူများဖြစ်အောင် အခြေခံကအစ ဒီပလိုမာအဆင့်၊ ဘွဲ့ရအဆင့်၊ တိုင်းရင်းဆေးပညာ မဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ယခုညီလာခံတွင် တိုင်းရင်းဆေးသမားတော်ကြီးများအနေဖြင့် မျိုးဆက်သစ် လူငယ်များအတွက် ပညာရပ်ဆိုင်ရာများ၊ အတွေ့အကြုံဗဟုသုတများ နှီးနှော ဖလှယ်ပေးနိုင်ခြင်း၊ လက်ဆင့်ကမ်းအမွေပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် မျိုးဆက်သစ်များကလည်း အနာဂတ် မြန်မာ့တိုင်းရင်းဆေးပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲ၏ “ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ လူ့အသက်ထက် အရေးကြီးသည်မှာ ဘာမှမရှိ” စသည့်လမ်းညွှန်ချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကလည်း အရေးပါသည့် အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မြန်မာ့တိုင်းရင်းဆေးပညာကို ပြည်တွင်း၌သာမက အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာကဏ္ဍများနှင့် ရင်ပေါင်တန်းနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့တိုင်းရင်း ဆေးဝါးများ အန္တရာယ်ကင်းပြီး ဘေးထွက်ဆိုးကျိုးမရှိဘဲ အရည်အသွေးပြည့်ဝကာ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေး ပိုမိုပြည့်ဝသည့် တိုင်းရင်းဆေးဆရာ လူ့စွမ်းအားအရင်းအမြစ်များ ထွက်ပေါ်လာစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
