၁၆. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E. Haji Mohamad Sarif Pudin bin Matserudin က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ့ခေါင်းဆောင်များ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ခဲ့မှုအခြေအနေများ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် လေကြောင်းပျံသန်းမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေးခဲ့သည်။





ထို့ပြင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အာဆီယံပဋိဉာဉ်အတိုင်း လိုက်ပါဆောင်ရွက်လျက်ရှိမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်မှုမရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ ပြုလုပ်သွားမည့် အခြေအနေများနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
