◾️ NLD ပါတီ၏ ဒီမိုကရေစီ အစိုးရသက်တမ်းတွင် ယခင်အစိုးရ၏ လုပ်ဆောင်မှုများကို အတိုက်အခံ ဆောင်ရွက်မှုများကြောင့် စီးပွားရေးအရ အားနည်းချက်များ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြား
၁၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဒီမိုကရေစီစနစ် ကျင့်သုံးချိန်တွင် အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက်အခံပြုလုပ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်ကို သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီ ပထမအစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီစနစ်နှင့် အသားကျမှုမရှိခြင်း၊ အဖွဲ့အစည်းအသီးသီး၏ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် အတိတ်ကာလက ဖြစ်ရပ်များအပေါ် သွေးထိုးလှုံ့ဆော်ခြင်းများလည်းရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ဆိုရှယ်လစ်စနစ် ကျင့်သုံးခဲ့စဉ်ကာလ၌ ဖြစ်ပေါ်ခဲ့သည့် မကျေနပ်ချက်များကို ဒီမိုကရေစီစနစ် ကျင့်သုံးချိန်တွင် အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက်အခံပြုလုပ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်ဟု သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီ ဒုတိယအစိုးရအဖြစ် နိုင်ငံတော်၏ တာဝန်များကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ တာဝန်ယူဆောင်ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုမှများစွာ မျှော်လင့်ထားခဲ့သော်လည်း စီမံခန့်ခွဲမှုအတွေ့အကြုံအားနည်းမှုများ၊ ယခင်အစိုးရ၏ လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများကြောင့် စီးပွားရေးအရ အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
စတင်တာဝန်ယူစဉ် နှစ်နှစ်အတွင်း ပြည်ပအကူအညီများ များစွာရရှိခဲ့ပြီး နိုင်ငံ့စီးပွားရေးအား ကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှု အားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်လျက်ရှိပြီး ပြည်တွင်း စီးပွားရေးအားပေးမှုမရှိခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများမရှိခြင်း၊ နိုင်ငံ၏ပကတိအခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်များအတိုင်း ဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
လုပ်ဆောင်မှုအားနည်းချက်များ၊ စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် ပြည်သူလူထုမှလည်း ၎င်းတို့အပေါ် အယုံအကြည်အားနည်းလာသဖြင့် ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ချိန်တွင် မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထိုကဲ့သို့ မဲစာရင်းကွဲလွဲမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့မှုအပေါ် တပ်မတော်အနေဖြင့် တာဝန်ရှိသူများမှ စိစစ်အရေးယူဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ထံသို့ အကြိမ်ကြိမ် အသိပေးအကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန်ဆောင်ရွက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
◾️ Website တွင် ဆက်လက် ဖတ်ရှုရန်
