◾️ဖြိုချမှုများကို တိတ်တိတ်လေး လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ယင်းလုပ်ငန်းများ ထပ်အခြေမချစေရန် တစ်ကမ္ဘာလုံးကို ကြေညာပြီး ပေါ်တင်ဖြိုချ ဖျက်ဆီးနေခြင်းဖြစ်ဟုပါ ပြောကြား
၁၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
သက်သေဖျောက်ဖျက်ရန် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)တွင် အသုံးပြုခဲ့သည့် အဆောက်အဦများ ဖြိုချဖျက်ဆီးနေခြင်းဟု ပြည်ပရောက် အဖွဲ့အစည်းများနှင့် မီဒီယာများ၏ ပြောဆိုနေမှုသည် သာမန်ပြည်သူများလောက်ပင် တွေးခေါ်မှုမရှိ၊ အဓိပ္ပါယ်မရှိ ပြောဆိုခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ် နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ခုနကပြောသလို ဒီပြည်ဖျက်မီဒီယာတွေ စွပ်စွဲပြောဆိုတာကို ကျွန်တော် ပထမဦးဆုံး တုံ့ပြန်ပြောလိုတာက အဓိပ္ပါယ်မရှိဘူးလို့ ပြောချင်တယ်။ နံပါတ်နှစ်က သူတို့က သာမာန်ပြည်သူတွေ တွေးသလောက် အတွေးအခေါ်တောင်မှ မရှိတဲ့အဖွဲ့အစည်းလို့ မှတ်ချက်ပြုချင်တယ်။ သူတို့အနေနဲ့ကတော့ဗျာ နိုင်ငံတော် ပျက်စီးရာပျက်စီးကြောင်းပေါ့။ သူတို့အနေနဲ့ကတော့ နိုင်ငံတော် ပျက်စီးရာပျက်စီးကြောင်းပေါ့။ မြန်မာနိုင်ငံက ဒါမျိုးလုပ်တယ်ဆို ပျက်စီးရာပျက်စီးကြောင်းကတော့ အမြဲတမ်းပြောနေမှာဖြစ်တယ်။ ဟုတ်ပြီ ဒီအဆောက်အဦတွေကို ဖောက်ခွဲဖျက်ဆီးတာနဲ့ ပျက်သက်ပြီး ကျွန်တော်တို့က တိတ်တိတ်လေးမလုပ်ဘူး။ ပေါ်တင်လုပ်နေတာ တစ်ကမ္ဘာလုံးကို ကြေညာပြီး လုပ်နေတာ။ ပေါ်တင်လုပ်နေတာ။ အဲဒီတော့ သက်သေခံပစ္စည်း ခုနက ခင်ဗျားတို့၊ ကျွန်တော်တို့ ဝင်လာတဲ့အခါမှာ တွေ့ပါမယ်။ အဲမှာမြင်နေရတဲ့ အသုံးပြုခဲ့တဲ့ ကွန်ပြူတာတွေ၊ အသုံးပြုခဲ့တဲ့ဖုန်းတွေ၊ အသုံးပြုခဲ့တဲ့ဟာတွေ။ သူတို့ဆီက စာရွက်စာတမ်းတွေ ခင်ဗျားတို့၊ ကျွန်တော်တို့လည်း မြင်ဖူးမှာပဲ။ ကျွန်တော်တို့ ခင်းကျင်းပြသထားတယ်။ ဘာမှ ဖျောက်ဖျက်ထားတာမရှိဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြဝတီ၊ KK Park နှင့် အွန်လိုင်းလိမ်လည်မှု ဆောင်ရွက်နေသည့် နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှု ဆောင်ရွက်ခဲ့သည့် အဆောက်အအုံများကို အကျိုးရှိသည့်လုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်သော်လည်း အွန်လိုင်းလိမ်လည်မှုများ ထပ်မံအခြေအမချနိုင်အောင်နှင့် နိုင်ငံတော်အနေဖြင့် စံနမူနာအနေဖြင့် ကမ္ဘာသိအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
“ဘာကြောင့်မို့ ဒီအဆောက်အဦကို ဖျက်လဲ။ နောင်မဖြစ်အောင်ကို ဖျက်တာ။ စံနမူနာကိုပြတာ။ ကျွန်တော်တို့အစိုးရအနေနဲ့ စံနမူနာကိုပြတာ။ တချို့လည်းပြောတယ်။ ဒီအဆောက်အအုံတွေကို ဘယ်လိုအကျိုးရှိရှိသုံးချလိုက်ရင် မကောင်းဘူးလားဆိုပြီး ပြောတယ်။ မကောင်းဘူးဗျာ။ မကောင်းဘူး။ ဘာလို့မကောင်းလဲဆိုရင် ထပ်ဝင်လာဦးမှာ။ ဘာလို့ ထပ်ဝင်လာဦးမလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ လွတ်လပ်ရေးရကတည်းကစခဲ့တာ ဘယ်လောက်ရှိပြီလဲ။ နှစ် ၇၀ ရှိပြီ အဲဒီနယ်စပ်တစ်လျှောက်မှာ ဖြစ်နေတာ။ အဲဒီတော့ ငြိမ်းချမ်းရေးလမ်းကြောင်းကို လျှောက်လှမ်းဖို့ NCA တို့ နိုင်ငံတကာပါတယ်။ ဒီထဲမှာလည်း ခင်ဗျားတို့ သတင်းထောက်တွေလည်း NCA ပွဲဆိုတာ အကြိမ်ကြိမ်တက်ခဲ့ပြီးပြီ။ NCA နဲ့ ပတ်သက်ပြီး ဒါ့ထက်ကောင်းတဲ့ လမ်းကြောင်း ဘာရှိသေးလဲ။ နိုင်ငံတကာကလည်း သဘောတူတယ်။ ဖြောင့်ဖြူးနေအောင် လမ်းကြောင်းဖောက်ပေးတယ်။ မတက်ဘူး အဲဒီလမ်းကြောင်းအပေါ် ။ တက်ပြီးသားလူကလည်း ဟိုဘက်လမ်းကြောင်းကိုပဲ၊ ကျန်တဲ့ ဘယ်လိုပြောမလဲ ဆူးတောထဲကိုပဲ ဆက်တိုးနေတဲ့ပုံစံမျိုးတွေ။ အဲဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ ဒီနယ်မြေဒေသကြီးသည် အမြဲတမ်းတည်ငြိမ်အေးချမ်းပြီးတော့ တရားဥပဒေစိုးမိုးရေး ၁၀၀ ရာခိုင်နှုန်း တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိနိုင်လားဆိုတဲ့ သုံးသပ်ချက်ပါ။ အဲဒါဖြစ်တဲ့အတွက်ကြောင့်မို့ ပြန်လည်ပြီးတော့ကြ မခိုအောင်းနိုင်ပါဘူးဆိုတာ ကျွန်တော်တို့ မယုံကြည်ဘူး။ မယုံကြည်တဲ့အတွက် လက်စတုံးခြေမှုန်းတယ်။ မြေလှန်ဖောက်ခွဲတယ်။ ဖျက်ဆီးတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ မြန်မာနိုင်ငံအတွင်း ယင်းလုပ်ငန်းများ ဆောင်ရွက်ပါက ယခုကဲ့သို့ အမြစ်ပြတ်ချေမှုန်းမည်ဆိုသည်ကို ကမ္ဘာသိအောင် တိတိလင်းလင်းပြောပြနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“နံပါတ်နှစ်အနေနဲ့က ဒါမျိုးလုပ်ရင် ဒါမျိုးဖြစ်မယ်ဆိုတာကို ကမ္ဘာကိုလည်း တိတိလင်းလင်းပြောချင်တယ်။ အဲဒီလိုမျိုး လုပ်နေတဲ့အဖွဲ့အစည်းတွေကိုလည်း တိတိလင်းလင်းပြချင်တယ်။ ဒါကြောင့်မို့ လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။
