၁၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ကျားဖြန့်လုပ်ငန်းများလုပ်ငန်းများကို အခကြေးငွေယူပြီး ကာကွယ်ပေးခြင်း၊ လွတ်မြောက်အောင် ဆောင်ရွက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို ပထမအဆင့် သတိပေးထားပြီးဖြစ်ပြီး မလိုက်နာပါ နိုင်ငံတော်အဆင့်အနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ် နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကို အခကြေးငွေယူ ကာကွယ်ပေးခြင်း၊ လွတ်မြောက်အောင် ဆောင်ရွက်ပေးနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအား မည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်နှင့် ပတ်သက်ပြီး သတင်းစာရှင်းပွဲတွင် MT News သတင်းဌာန၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။


“တချို့သတင်းတွေလည်း ကျွန်တော်တို့ ရပါတယ်။ တချို့ရရှိတဲ့သတင်းတွေက ကျွန်တော်တို့ အတည်တော့ မပြုနိုင်သေးပါဘူး။ လက်နက်ကိုင်နယ်မြေအတွင်းထဲမှာကိုပဲ တချို့က အရင်ကလို အလုံးအရင်းနဲ့ မဟုတ်ဘဲနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို အဖွဲ့ငယ်လေးတွေနဲ့ လုပ်ဆောင်နေတဲ့ သတင်းလည်း ရရှိပါတယ်။ အတည်တော့မပြုနိုင်သေးဘူး။ ဒီမှာတော့ ကျွန်တော်တို့ရဲ့ သတင်းရယူရေးအဖွဲ့အစည်းတွေပေါ့။ သတင်းရယူရေးအဖွဲ့အစည်းတွေကလည်း တစ်ဆင့်ပေါ့နော်။ ပြန်ရတဲ့သတင်းတွေဖြစ်တဲ့အတွက် အတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ အိမ်နီးချင်းနိုင်ငံ၊ တရုတ်နိုင်ငံပေါ့နော်။ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိတယ်။ ဒီသတင်းကို ပိုမိုခိုင်မာလာရေး ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်။ ဆက်လက်ဆောင်ရွက်သွားပြီးရင် ခုနကပြောသလိုပေါ့။ သူ့ရဲ့ အောက်ဖက်မှာရှိနေတဲ့ နယ်မြေတွေတော့ရှိပါတယ်။ EAO နယ်မြေတွေရှိတယ်။ ဒီအတွင်းထဲမှာရှိလာလို့ရှိရင် တချို့လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေတွေရှိတယ်။ ဒီနယ်မြေတွေထဲမှာလည်း တချို့လုပ်ငန်းလေးတွေလုပ်နေတာရှိတယ်။ ခုနက ကျွန်တော်ပြခဲ့ပြီးပါပြီ။ ရှမ်းပြည်တောင်ပိုင်းမှာတော့ နမ့်ဆန်လောက်မှာ မိတာတွေရှိတယ်။ ဒါတွေကလည်း နှစ်နိုင်ငံသတင်း ညှိနှိုင်းဖလှယ်တာနဲ့ ရရှိခဲ့တဲ့ သတင်းကွင်းဆက်တွေအရ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့လည်း နှစ်နိုင်ငံပူးပေါင်းပြီးတော့ ဆက်လက်ပြီးတော့ သတင်းအရင်းအမြစ်ဖော်ထုတ်ပြီး နှိမ်နင်းနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယင်းကဲ့သို့ လုပ်ဆောင်နေမှုများနှင့် ပတ်သက်ပြီး ရရှိသည့်သတင်းများသည် တိကျခိုင်လုံပါက မည်ကဲ့သို့ အရေးယူသွားမည်ဟု ဆက်လက်မေးမြန်မှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဓိကတော့ ကျွန်တော်တို့အနေနဲ့က ဒီအဖွဲ့အစည်းတွေအနေနဲ့လည်း တချို့အဖွဲ့အစည်းတွေနဲ့လည်း စကားပြောနေတာရှိပါတယ်။ စကားပြောနေတယ်ဆိုတာ။ ပစ်ခက်တိုက်ခိုက်မှုရပ်စဲရေးအတွက် စကားပြောတဲ့အထဲမှာလည်း သူတို့လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး သတိပေးသွားမယ်။ မလိုက်နာဘူးဆိုရင် နိုင်ငံတော်အဆင့်အနေနဲ့ကတော့ အရေးယူဆောင်ရွက်သွားရမှာပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။
