၁၄.၁၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ Rhode Island ပြည်နယ်မြို့တော် Providence ရှိ ပုဂ္ဂလိက Ivy League သုတေသနတက္ကသိုလ်ဖြစ်သည့် Brown University တွင် ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး ကျောင်းသားနှစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဏာပိုင်များက အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး အသက် ၃၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရသော သေနတ်သမားကို ရှာဖွေနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒေသခံများကို မိမိတို့ အိမ်တွင်း၌သာ နေထိုင်ကြရန်လည်း ပြောကြားခဲ့သည်။
ပစ်ခတ်မှုက အင်ဂျင်နီယာနှင့် ရူပဗေဒ အဆောက်အအုံ စာသင်ခန်းတစ်ခုတွင် နောက်ဆုံးစာမေးပွဲ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကျင်းပနေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Providence မြို့တော်ဝန် ဘရက် စမီလီးက “ဒီနေ့မွန်းလွဲပိုင်းမှာ လူနှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေအနက် နောက်ထပ်ရှစ်ဦးကတော့ စိုးရိမ်ရပေမယ့် အခြေအနေတည်ငြိမ်နေပါတယ်” ဟု ဒီဇင်ဘာလ ၁၃ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒုတိယရဲမှူးကြီး တီမိုသီ အိုဟာရာ ကလည်း သေနတ်သမားကို ရှာဖွေနေဆဲဖြစ်ကြောင်းနှင့် ပြည်သူများအား ပစ်ခတ်မှုဖြစ်ပွားရာသို့ မလာကြရန်ပြောခဲ့သည်။

သေနတ်သမားက အဆောက်အအုံမှ နောက်ဆုံးထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရပြီး မည်သည့် လက်နက်ကိုမျှ ပြန်လည်ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့ကြသည်။
Ref- CNN
