၁၄.၁၂.၂၀၂၅
Written by Hey Mar
စက်ဘီးစီးလာသူကို YBS ယာဉ်က ဝင်တိုက်လို့ နေရာတင် သေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (ရန်ကင်း TTC )ရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကင်းTTC ကျောင်းအရှေ့မှာ YBS ၁၃၉ ယာဉ်နဲ့ စက်ဘီးစီးနင်းသူအမျိုးသားတစ်ဦး ယာဥ်တိုက်မှုဖြစ်ပွားထားကြောင်း သတင်းအရ မိုးစေတနာ ပရဟိတအသင်း (ရန်ကုန်)ရုံးချူပ်မှ လူနာတင်ယာဥ်နဲ့ သွားရောက်ခဲ့ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။





ယာဉ်တိုက်ခံရသူမှာ ဦးမျိုးဆွေ၊ အသက် ၅၃ နှစ်အရွယ်လို့ သိရှိရပြီး အခင်းဖြစ်ပွားရာနေရာတင် သေဆုံးခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် သိရှိရပါတယ်။
ရန်ကင်းအခြေစိုက် လူမှုကူညီရေး အသင်းတစ်သင်းဖြစ်တဲ့ ရွှေရုပ်လွှာ လူမှု ကူညီရေး အသင်းတာဝန်ရှိသူက “YBS က တိုက်ပြီး ကားသမားဆင်းပြေးတာကို တာဝန်သိပြည်သူတွေက ဝိုင်းဖမ်းတာ ရန်ကင်းကလေးဆေးရုံနားမှာ မိသွားတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူ အမျိုးသားကြီးရဲ့ ရုပ်အလောင်းကို ရဲဆေးစာနဲ့ မိုးစေတနာလူမှုကူညီရေးအသင်းကပဲ စံပြဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မိုးစေတနာ လူမှုကူညီရေးအသင်း
