၁၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
အခက်အခဲပေါင်းစုံကျော်လွှား၍ နိုင်ငံတော်၏ ပထမစာမျက်နှာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ရွေးကောက်ပွဲပြီးချိန် ဒုတိယစာမျက်နှာအစကို ကောင်းမွန်စွာဆောင်ရွက်ကာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပပေးနိုင်ရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအပါအဝင် လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မကြာမီ ရက်သတ္တပတ်ကာလအတွင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေချိန်အတွင်း လုပ်ငန်းတာဝန်အရပ်ရပ်ကို အခက်အခဲပေါင်းစုံကြားမှ ရင်ဆိုင်ကျော်လွှားခဲ့ပြီး မကြာမီကာလအတွင်း အန္နိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်တော့မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်သွားရမည့် လုပ်ငန်းလုပ်များ များစွာရှိနေပြီး မိမိတို့အနေဖြင့် ပထမစာမျက်နှာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်တွင် နိုင်ငံတော်၏ ဒုတိယစာမျက်နှာအစကို ကောင်းမွန်စွာဆောင်ရွက်ပြီး အနာဂတ်တွင် ကောင်းမွန်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ဖော်ဆောင်နိုင်ရေးအားလုံး၏ ဝိုင်းဝန်းပါဝင်မှုဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
