၁၃. ၁၂. ၂၀၂၅
Translated by Thettant
ပိုင်ဆိုင်မှုအငြင်းပွားနေသော တောင်တရုတ်ပင်လယ်ကမ်းစပ် ကျောက်တန်းတစ်ခုအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်၏ သင်္ဘောများက ဖိလစ်ပိုင် ငါးဖမ်းလှေ ၂၀ ကို အားပြင်းသော ရေအမြောက်များနှင့် ပိတ်ဆို့ဟန့်တားပစ်ခတ်သော စစ်ဆင်မှုများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ဖိလစ်ပိုင်နိုင်ငံသား ၃ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လှေနှစ်စင်းလည်း ပျက်စီးသွားခဲ့ကြောင်းနှင့် ထိုလုပ်ရပ်မှာ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က စနေနေ့တွင် ပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ်၏ ပြောကြားချက်အရ သောကြာနေ့ မွန်းလွဲပိုင်းတွင် ဆာဘီနာကျောက်တန်း (Sabina Shoal) အနီး၌ တရုတ်ကမ်းခြေစောင့်တပ်မှ အသေးစား ရော်ဘာလှေများပေါ်ပါလာသော ဝန်ထမ်းများသည် ဖိလစ်ပိုင်လှေများ၏ ကျောက်ဆူးကြိုးများကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခဲ့သောကြောင့် လှိုင်းလေပြင်းထန်နေချိန်တွင် အဆိုပါလှေများနှင့် လှေသားများအတွက် အန္တရာယ်ဖြစ်စေခဲ့သည်ဟု သိရသည်။
တောင်တရုတ်ပင်လယ်ရှိ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ နောက်ဆုံးဖြစ်ပွားမှုနှင့် ပတ်သက်၍ တရုတ်အရာရှိများက ချက်ချင်းမှတ်ချက်ပေးခြင်း မရှိသေးသော်လည်း ၎င်းတို့၏ ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည့် နယ်မြေများကို မည်သည့်နည်းနှင့်မဆို ကာကွယ်သွားမည်ဟု ကတိပြုထားသည်။
ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သော တောင်တရုတ်ပင်လယ်တစ်ခွင်လုံးနီးပါးကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။ သို့သော် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေ ကွန်ဗင်းရှင်းကို အခြေခံ၍ ပေကျင်း၏ ကျယ်ပြန့်သော တောင်းဆိုချက်သည် တရားမဝင်ကြောင်း ၂၀၁၆ ခုနှစ် အလယ်ခုံသမာဓိ စီရင်ချက်က ကြေညာခဲ့သော်လည်း တရုတ်က ထိုစီရင်ချက်ကို အတုအယောင်ဟု ပယ်ချပြီး ဆက်လက် ဆန့်ကျင်လျက်ရှိသည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် သင်္ဘောနှစ်စင်းကို ဖိလစ်ပိုင်နိုင်ငံသားများအား ကူညီရန် ဆာဘီနာကျောက်တန်းသို့ စေလွှတ်ခဲ့သော်လည်း တရုတ်ကမ်းခြေစောင့်တပ်၏ အန္တရာယ်ရှိသော ပိတ်ဆို့ဟန့်တားမှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ တရုတ်သင်္ဘောတစ်စင်းသည် ညအချိန်တွင် ဖိလစ်ပိုင်သင်္ဘောတစ်စင်းနှင့် ပေ ၁၀၅ (ကိုက် ၃၅) အထိ ကပ်လာခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ကွန်မိုဒို ဂျေး တာရီလာ (Commodore Jay Tarriela) က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“တရုတ်ကမ်းခြေစောင့်တပ်ဟာ အခုဆိုရင် သာမန်ငါးဖမ်းသမားတွေ၊ သာမန်အရပ်သားတွေကို ပစ်မှတ်ထားနေပြီး ဖိလစ်ပိုင်ငါးဖမ်းသမားတွေရဲ့ အသက်ကို အန္တရာယ်ဖြစ်အောင် လုပ်နေပါတယ်” ဟု တာရီလာက ပြောသည်။
ဤကဲ့သို့သော တရားမဝင် နှောင့်ယှက်မှုများကြားမှပင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သည် ယနေ့နံနက်တွင် ငါးဖမ်းသမားများထံ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး ဒဏ်ရာရသူများအား အရေးပေါ် ဆေးဝါးကုသမှုနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို ပေးအပ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ယင်းသည် တင်းမာမှုများ လျော့ကျသွားပြီဖြစ်ကြောင်း ဖော်ပြနေသည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က တရုတ်ကမ်းခြေစောင့်တပ်အား “အပြစ်မဲ့ ငါးဖမ်းသမားများ၏ အသက်ကို အန္တရာယ်ဖြစ်စေသော ဥပဒေစိုးမိုးရေး အယောင်ဆောင်မှုများထက် ပင်လယ်ပြင်တွင် အသက်ရှင်သန်ရေးကို ဦးစားပေးသော နိုင်ငံတကာမှ အသိအမှတ်ပြုထားသည့် ကျင့်ဝတ်စံနှုန်းများကို လိုက်နာကျင့်သုံးရန်” တောင်းဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် တောင်တရုတ်ပင်လယ်၌ ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုများ မရှိသော်လည်း ဖိလစ်ပိုင်သည် အာရှရှိ ၎င်း၏ ရှေးအကျဆုံး စာချုပ်အရ မဟာမိတ်ဖြစ်သည့်အတွက် ဒဏ်ရာရသော ငါးဖမ်းသမားများအပါအဝင် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များ၊ ကမ်းခြေစောင့်တပ်ဝန်ထမ်းများ၊ သင်္ဘောများနှင့် လေယာဉ်များအား အငြင်းပွားရေပိုင်နက်များအပါအဝင် လက်နက်ကိုင် တိုက်ခိုက်ခံရပါက ကာကွယ်ရန် တာဝန်ရှိကြောင်း ထပ်ခါတလဲလဲ သတိပေးခဲ့သည်။
ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့သည်လည်း နှစ်ပေါင်းများစွာကြာ အာရှ၏ မီးပွားဖြစ်နေသည့် တောင်တရုတ်ပင်လယ်ရေပိုင်နက် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများတွင် ပါဝင်ပတ်သက်နေသည်။
Ref : Business Standard
