၁၃.၁၂.၂၀၂၅
Written by Nay Yaung Lin
တစ်နိုင်ငံလုံး လွှမ်းခြုံပြီး စီမံအုပ်ချုပ်နိုင်သည့်အင်အားအကောင်းဆုံးပါတီမှာ ပြည်ခိုင်ဖြိုးပါတီဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က အိမ်မဲမြို့၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဧရာ၀တီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဦးမြင့်ကြိုင်နှင့် အိမ်မဲမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များနှင့် မဲဆန္ဒရှင်များ တွေ့ဆုံပွဲကို အိမ်မဲမြို့နယ်၊ အားကစားကွင်းတွင် ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။





အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က “ရွေးကောက်ပွဲဟာ ဒီဇင်ဘာ ၂၈ ရက်မှာ စလုပ်မယ်။ ဇန်နဝါရီလမှာ ပြီးမယ်။ ပြီးရင် ဖေဖော်ဝါရီလလောက်မှာ တာဝန်လွှဲပြောင်းရေး ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ မတ်လအတွင်းမှာ အစိုးရတစ်ရပ် ဖွဲ့စည်းလိုက်ပြီးတော့ ဧပြီလဆန်းမှာ နိုင်ငံတော်ကို တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ တစ်နိုင်ငံလုံး လွှမ်းခြုံပြီးတော့မှ စီမံအုပ်ချုပ်နိုင်ဖို့ အင်အားအကောင်းဆုံးပါတီဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပဲဖြစ်ပါတယ် ” ဟု အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ထို့နောက် ဧရာ၀တီတိုင်းဒေသကြီးရှိ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများ၊ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသူများ၏ ကြွေးမြီများ ကင်းရှင်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူများကိုယ်စားလုပ်ဆောင်ရန်အတွက် အပ်နှံပါကြောင်းတို့ကို ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားခဲ့သည်။





ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ အိမ်မဲမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင်များနှင့် မိတ်ဆက်ပေးခဲ့ပြီး ကိုယ်စားလှယ်လောင်များကမိတ်ဆက်အမှာစကားများပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ အိမ်မဲမြို့ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် မဲဆန္ဒရှင်များစုစုပေါင်း အင်အား ၈၀၀ ခန့်တက်ရောက် ခဲ့ကြောင်း သိရသည်။
