◾ ထိုင်းနဲ့ကမ္ဘောဒီးယားတို့က အပစ်အခတ်ရပ်စဲဟု အမေရိကန်သမ္မတ ပြောကြားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ
၁၃.၁၂.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ဒီအပတ်အတွင်း အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ရတဲ့ သူတို့နှစ်နိုင်ငံရဲ့ အငြင်းပွားလျက်ရှိတဲ့ နယ်စပ်တစ်လျှောက် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဒီဇင်ဘာလ ၁၂ ရက် က ပြောကြားခဲ့ပါတယ်။
ကိုလိုနီခေတ်က သူတို့နှစ်နိုင်ငံရဲ့ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) ရှည်လျားတဲ့ နယ်စပ်ကို ပိုင်းခြားသတ်မှတ်ခြင်းကနေဖြစ်ပေါ်လာတဲ့ ရှည်လျားလှပြီဖြစ်တဲ့ အငြင်းပွားမှုကနေ ပေါက်ဖွားလာရတဲ့ အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံကြား နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေက နှစ်ဖက်စလုံးမှ ပြည်သူငါးသိန်းခန့်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပါတယ်။
နှစ်ဖက်စလုံးက ပဋိပက္ခ ပြန်လည်ဖြစ်ပွားမှုအတွက် တစ်ဦးကိုတစ်ဦး အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။
ထရမ့်ပ် က Truth Social လူမှုမီဒီယာပလက်ဖောင်းမှာ “ဒီမနက်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနျူတင် ချန်ဗီရာကူးလ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့နဲ့ ကောင်းမွန်တဲ့ စကားပြောဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်၊ သူတို့ရဲ့ ရှည်လျားတဲ့စစ်ပွဲက ကံမကောင်းစွာနဲ့ ပြန်လည်နိုးထလာစေခဲ့တဲ့အကြောင်းနဲ့ ပတ်သက်လို့ပေါ့” လို့ ပြောခဲ့ပါတယ်။





“သူတို့ဟာ ဒီညနေမှာ ပစ်ခတ်မှုအားလုံးကို ရပ်တန့်ဖို့နဲ့ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့ အကူ အညီနဲ့ ကျွန်တော်နဲ့သူတို့ ချုပ်ဆိုထားတဲ့မူလငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြန်လည်လိုက်နာကြဖို့ သဘောတူခဲ့ကြပါတယ်” လို့ ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ သဘောတူညီချက်ကို ရည်ညွှန်းလို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
“နှစ်နိုင်ငံစလုံးဟာ ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေကြပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆက်လက် ကုန်သွယ်သွားကြမှာပါ” လို့ ထရမ့်ပ် က ပြောခဲ့ပြီး အန်ဝါ့ကိုလည်း အကူအညီပေးမှုအတွက် ကျေးဇူး တင် တယ်လို့ ဆိုခဲ့ပါတယ်။
ထရမ့်ပ်နဲ့ ဖုန်းခေါ်ဆိုမှုအပြီး အစောပိုင်းမှာ ထိုင်းဝန်ကြီးချုပ်အနျူတင်က “ကမ္ဘောဒီးယားအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာမယ်ဆိုတာ ကမ္ဘာသိအောင် ကြေညာဖို့ လိုပါတယ်” လို့ ပြောခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ဇူလိုင်လက ငါးရက်ကြာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာလည်း အမေရိကန်၊ တရုတ်နဲ့ အာဆီယံ ဥက္ကဋ္ဌ မလေးရှားတို့က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ညှိနှိုင်းပေးခဲ့တာပါ။ အောက်တိုဘာလမှာ ထရမ့်ပ်က ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား နောက်ဆက်တွဲ ပူးတွဲကြေညာချက်ကိုထောက်ခံခဲ့ပါတယ်။ ဒီကြေညာချက်မှာ ကုန်သွယ်ရေး သဘောတူညီချက်အသစ်တွေ ပြုလုပ်ပြီး အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းဖို့သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် နယ်စပ်မှာ ထိုင်းစစ်သားတွေ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိပြီးနောက် ထိုင်းနိုင်ငံက နောက်လမှာ သဘောတူညီချက်ကို ရပ်ဆိုင်းခဲ့တာပါ။
ယခုအပတ်အတွင်း နှစ်နိုင်ငံဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ နှစ်ဖက်စလုံးက အနည်းဆုံး ၂၀ ဦး သေဆုံးပြီး ၂၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်သမ္မတဒေါ်နယ်ဒ်ထရမ့်ပ်က ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေရပ်ပြီး အပစ်အခတ်ရပ်စဲဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ကြတယ်လို့ ဒီဇင်ဘာလ ၁၂ ရက် က ပြောခဲ့ပေမယ့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတယ်လို ဒီဇင်ဘာလ ၁၃ ရက် သတင်းတွေ က ပြောခဲ့ကြပါတယ်။
ကမ္ဘောဒီးယားတပ်ဖွဲ့တွေနဲ့ တိုက်လေယာဉ်တွေပါဝင်တဲ့ ထိုင်းတပ်ဖွဲ့တွေဟာ သူတို့ရဲ့ အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက်က ပစ်မှတ်တွေကို ဒီဇင်ဘာလ ၁၃ ရက်နံနက်မှာ ဆက်လက်တိုက်ခိုက်နေကြတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုတွေက ထရမ့်ပ်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့တယ်လို့ ပြောခဲ့အပြီး နာရီပိုင်းအကြာမှာ ဖြစ်ပွားခဲ့တာပါ။
“ထိုင်းတပ်ဖွဲ့တွေဟာ ဗုံးကြဲတိုက်ခိုက်မှုကို မရပ်တန့်သေးဘဲ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်လက်လုပ် ဆောင်နေဆဲပါ” လို့ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ထိုင်းစစ်တပ်ကလည်းကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ အရပ်သားနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး မြေမြှုပ်မိုင်းတွေလည်း ထောင်ခြင်းအားဖြင့် နိုင်ငံတကာစည်းမျဉ်းတွေကို အကြိမ်ကြိမ်ချိုးဖောက် ကျူးလွန်နေတယ်လို့ စွပ်စွဲချက်တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနျူုတင် ချန်ဗီရာကူးလ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် တို့ဟာ ထရမ့်ပ် ဆီက ဖုန်းခေါ်ဆိုမှုတွေအပြီး ဒီဇင်ဘာလ ၁၂ ရက် ညမှာ ပစ်ခတ်မှုအားလုံးကို ရပ်တန့်ဖို သဘောတူညီခဲ့ကြတယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။
ဒါပေမယ့်ခေါင်းဆောင်နှစ်ယောက်စလုံးကဖုန်းခေါ်ဆိုမှုအပြီးမှာသဘောတူညီချက်ကိုရည်ညွှန်းပြောဆိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်တာမျိုးလည်း မရှိခဲ့ဘဲ ထိုင်းဝန်ကြီးချုပ်ကဆိုရင် အပစ်အခတ်ရပ်စဲရေး မရှိဘူးလို့တောင် ပြောခဲ့ပါတယ်။ ထရမ့်ပ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထောက်တွေကို ထိုင်းဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်ကိုသာ ရည်ညွှန်းပြောကြားခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်အနျူုတင်က အမေရိကန်သမ္မတကိုကမ္ဘောဒီးယားဟာ ငြိမ်းချမ်းရေး ကြေညာချက်ကို ချိုးဖောက်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး တိုက်ခိုက်မှုတွေကြောင့် ထိုင်းအရပ်သားတွေ သေဆုံးပြီး ပိုင်ဆိုင်မှုတွေကို ပျက်စီးစေခဲ့တာကြောင့် ထိုင်းနိုင်ငံဟာ ပြည်သူတွေရဲ့အသက်ကိုကာကွယ်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာမရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်မှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က လူမှုကွန်ရက် Facebook မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ မာနက်က ထရမ့်နဲ့ ဖုန်းခေါ်ဆိုမှုနဲ့ မလေးရှားခေါင်းဆောင် အန်ဝါ အီဘရာဟင်နဲ့ ဆွေးနွေးမှုတွေကို ရည်ညွှန်းပြီး အောက်တိုဘာလက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်နဲ့အညီ ကမ္ဘောဒီးယားနိုင်ငံဟာ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
ဒါပေမယ့် မာနက်က အမေရိကန်နဲ့ မလေးရှားနိုင်ငံအနေနဲ့ နောက်ဆုံးတိုက်ပွဲမှာ ဘယ်ဘက်က အရင်ပစ်ခတ်ခဲ့လဲဆိုတာ အတည်ပြုဖို့ သူတို့ရဲ့ ထောက်လှမ်းရေးသတင်းအချက်အလက် ရယူ စုဆောင်းနိုင်စွမ်းကို အသုံးပြုဖို့ အကြံပေးခဲ့တယ်လို့ ပြောပါတယ်။
ထရမ့်ပ်က ခေါင်းဆောင်နှစ်ယောက်စလုံးကို ဖုန်းခေါ်ဆိုပြီး ရပ်တန်ကြဖို့ကြိုးစားခဲ့တဲ့ ဒီတိုက်ခိုက်မှုက ဇူလိုင်လအတွင်း ငါးရက်ကြာ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲတွေထဲက တစ်ခု ဖြစ်ပါတယ်။
Ref——-Bangkok Post, CNA
