၁၃. ၁၂ .၂၀၂၅
Written by Hey Mar
ရေစီးနဲ့ မျောပါလာတဲ့ အမျိုးသမီးကြီးတစ်ဦးရဲ့ ရုပ်အလောင်း မြစ်ကမ်းဘေးရှိ ခြုံမှာ ငြိနေတာကို ရပ်ကွက်အေးချမ်းသာယာရေးအတွက် ကင်းလှည့်ဆောင်ရွက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူတွေက တွေ့ရှိကာ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်က ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ ပဲခူးမြစ်ကမ်းနံဘေးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာဆီ သက်ဆိုင်ရာမှ တာဝန်ရှိသူတွေက မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ ရောက်ရှိစစ်ဆေးရာ သေဆုံးသူမှာ အမည်မသိ အသက်(၅၀)နှစ်ခန့်၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး အင်္ကျီဝတ်ဆင်လျက် ပုပ်ပွကာ ခြေလက်တွေမှာ အရေခွံတွန့်နေပြီး၊ နှုတ်ခမ်းတွေ ပြာနှမ်းလျက် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာရဲလုပ်ငန်းစဉ်တွေအပြီးမှာ ပဲခူးပြည်သူ့ဆေးရုံကြီးဆီ ရဲဆေးစာနဲ့ ပေးပို့ခဲ့ပြီး ဆေးရုံကြီးက PR(6/2025) နဲ့ လက်ခံစစ်ဆေးလျက်ရှိကြောင်းလည်း သိရပါတယ်။
အဆိုပါ အမည်မသိအမျိုးသမီး သေဆုံးမှုနဲ့ ပတ်သက်ပြီးဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် /မဟုတ် စုံစမ်းစစ်ဆေးနိုင်ရေး ပဲခူးအမှတ်၂ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၁၄/၂၀၂၅)နဲ့ ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းလည်း သိရပါတယ်။
