၁၃. ၁၂. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် ဘန်ကောက်မြို့မြောက်ဘက် နွန်သာဘူရီပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဗုဒ္ဓဘာသာ ဘုရားရုပ်ပွားဆင်းတုတော်များကို တရားမဝင်ရောင်းချမှုဖြင့် တရုတ်နိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးတို့ကို သောကြာနေ့က ဖမ်းဆီးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးအရာရှိများသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် နွန်သာဘူရီမြို့၊ ငမ်ဝေါင်ဝမ်း (Ngamwongwan) ဧရိယာရှိ ကုန်တိုက်ကို ဝင်ရောက်စီးနင်းခဲ့သည်။ ထိုစီးနင်းမှုမှာ နိုင်ငံခြားသားများက သင့်လျော်သော ခွင့်ပြုချက်မရှိဘဲ ဘုရားရုပ်ပွားဆင်းတုတော်များ ရောင်းချသည့်ဆိုင်ခန်းများ ဖွင့်လှစ်ထားကြောင်း တိုင်ကြားမှုများ ရရှိပြီးနောက် စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုစီးနင်းမှုအတွင်း ကုန်တိုက်ရှိဆိုင်ခန်းနှစ်ခုတွင် တိုင်ကြားခံရသူများက ဘုရားရုပ်ပွားဆင်းတုတော်ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ဟန်ဆောင်ကာ ရွှေနှင့်ငွေ ရုပ်ပွားဆင်းတုတော်ဘူးများအပါအဝင် ထိုင်းဘုရားရုပ်ပွားဆင်းတုတော်များကို ပေါ်ပေါ်ထင်ထင် ဝယ်ယူရောင်းချနေသည်ကို အာဏာပိုင်များက စစ်ဆေး တွေ့ရှိခဲ့သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ ပထမဆိုင်ခန်းကို အမည်ဝှက်များဖြစ်သည့် မင် (Ming) (၃၅ နှစ်) နှင့် ကျန်း (Zhang) (၄၀ နှစ်) ဟုသာ သိရသော တရုတ်နိုင်ငံသားနှစ်ဦးသည် ထိုင်းနိုင်ငံတွင် ရက် ၆၀ သတ်မှတ်ထားသည့် ခရီးသွားဗီဇာဖြင့် နေထိုင်နေကြသော်လည်း အလုပ်လုပ်ခွင့်ပါမစ် မရှိကြပေ။
ဒုတိယဆိုင်ခန်းကိုမူ ကျောင်းသားဗီဇာကိုင်ဆောင်ထားသော်လည်း အလုပ်လုပ်ခွင့်ပါမစ်မရှိသည့် ဝမ် (Wang) ဟူသော အမည်ဝှက်ကိုသုံးစွဲသော အခြား တရုတ်နိုင်ငံသားတစ်ဦးက ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အရာရှိများသည် ထိုဆိုင်ခန်းတွင် ဗီဇာသက်တမ်းကုန်နေပြီး အလုပ်လုပ်ခွင့်ပါမစ်မရှိသည့် မင်းဦး (Min Oo) (၂၉ နှစ်) ဟု အမည်သိရသော မြန်မာလုပ်သားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။ မင်းဦးသည် ဝမ်အတွက် အလုပ်လုပ်ကိုင်ပေးနေသည်ဟု အာဏာပိုင်များက ပြောသည်။
တရုတ်နိုင်ငံသားသုံးဦးစလုံးကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် တရားစွဲဆိုထားသည်။ မြန်မာနိုင်ငံသားကိုမူ ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှုနှင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုတို့ဖြင့် စွဲချက်တင်ထားသည်။ ဝမ်ကမူ သင့်လျော်သော စာရွက်စာတမ်းမရှိဘဲ နိုင်ငံခြားသားကို အလုပ်ခန့်ထားမှုအတွက် စွဲချက်အပိုဖြင့် ထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။
သံသယရှိသူများကို တရားစွဲဆိုရန် ရတ္တနာသီဘတ် ရဲစခန်း (Rattanathibet Police Station) သို့ လွှဲပြောင်းပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးဗျူရို အမှတ် ၃ တပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးကြီးကြပ်ရေးမှူး ရဲမှူးကြီး ဆူရိယ ပွန်ဆွန်ဘတ် (Suriya Puangsombat) က ယင်းသို့ပြုလုပ်မှုများသည် နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲရေးဆိုင်ရာ ဘုရင့်အမိန့်အရ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းဖြစ်ကြောင်း လူအများအားလုံးနှင့် ဖြစ်နိုင်ခြေရှိသော ပြစ်မှုကျူးလွန်သူများကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ပြစ်ဒဏ်များတွင် ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေများ ပါဝင်ပြီး၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားလုပ်သားများကို ငှားရမ်းသည့် အလုပ်ရှင်များသည် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
တရားစွဲဆိုပြီးနောက်တွင်မူ လူဝင်မှုကြီးကြပ်ရေးဗျူရိုသည် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို အမည်မည်းစာရင်းသွင်းရန် ၎င်း၏အခွင့်အာဏာကို အသုံးပြု၍ စဉ်းစားဆောင်ရွက်သွားမည်ဖြစ်သည်။
Ref : Khaodsod
