MT News
၁၃. ၁၂. ၂၀၂၅
မြန်မာ-ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့် အလိုရှိတရားခံပြေး သုံးဦးနှင့် တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသား တစ်ဦးတို့အား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) သည် မြန်မာနိုင်ငံ၊ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC) ထံသို့ ထိုင်းနိုင်ငံအတွင်း မူးယစ်ပြစ်မှုများကျူးလွန်ပြီး မြန်မာ နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် Mr. Phonchana Phongthong(ခ)Toon (ဖွန်းချနာဖုန်းထောင်း(ခ) သွန်း)၊ Mrs. Thanida Puangngern(ခ)Ning (ထနိဒါးဖုံးငင်း(ခ)နိန်း)နှင့် Mr. Wi Rat Taou Dom (ဝီလတ်ထောင်းဝုဒွမ်)တို့ သုံးဦးအား ကူညီစုံစမ်းဖော်ထုတ်ဖမ်းဆီးပေးပါရန် သတင်းဖလှယ် ပေးပို့ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ အလိုရှိတရားခံပြေး သုံးဦးအား စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် Mr. Phonchana Phong thong(ခ)Toon(ဖွန်းချနာဖုန်းထောင်း (ခ)သွန်း)၊ Mrs. Thanida Puangngern(ခ)Ning(ထနိဒါးဖုံးငင်း(ခ)နိန်း)တို့အား တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၌ လည်းကောင်း၊ နိုဝင်ဘာ ၁၄ ရက်တွင် Mr. Wi Rat Taou Dom (ဝီလတ်ထောင်းဝုဒွမ်)အား မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အဆိုပါ အလိုရှိတရားခံပြေး သုံးဦးနှင့်အတူ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်တွင် တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်၌ ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ဝင်ရောက်နေထိုင်ခဲ့သူ ထိုင်းနိုင်ငံသား Mr. Chairit Phucharoen (ချရစ်ဖူချရွန်)တို့အား နှစ်နိုင်ငံတည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကိုယ်စား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ် (၇)မူးယစ်တပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်စိန်ဝင်း ဦးဆောင်သည့်အဖွဲ့မှ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ အတွင်းရေးမှူးချုပ် Police Major Suriya Sing hakamol ဦးဆောင်သည့်အဖွဲ့ထံသို့ ဒီဇင်ဘာ ၁၁ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီတွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတား၌ လွှဲပြောင်းပေးအပ်ခဲ့ကာ အဆိုပါ လွှဲပြောင်းပေးအပ်မှုမှာ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစီအစဉ်အရ မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နယ်စပ်ဖြတ်ကျော် မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံ ပြေးများကို အပြန်အလှန် ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
