၁၃ .၁၂ .၂၀၂၅
Written by Hey Mar
ကျန်းမာရေးမကောင်းသလို အကြွေးပတ်လည်ဝိုင်းနေတဲ့ အမျိုးသမီးတစ်ဦး နေအိမ်မှာ တစ်ယောက်တည်းရှိနေစဉ် ကြိုးဆွဲချသေဆုံးခဲ့တဲ့ဖြစ်စဉ် ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်အပိုင် မြေနီကုန်းရွာရှိ အုတ်စက်ဝင်းတစ်ခုရဲ့ ဝန်ထမ်းတဲလိုင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာမှ သိရပါတယ်။
ဖြစ်စဉ်က အမှတ်(၆)ရပ်ကွက်၊ အင်းတကော်မြို့၊ မြေနီကုန်းရွာရှိ အုတ်စက်မှာ အမျိုးသမီး(၁)ဦး ကြိုးဆွဲချသေဆုံးနေကြောင်း မြေနီကုန်းရွာ ရာအိမ်မှူးမှ တာဝန်ရှိသူတွေထံ ဖုန်းဆက်အကြောင်းကြားတာကြောင့် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်မှာ အခင်းဖြစ်နေရာဆီ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မမူမူသိန်း၊ ၄၀နှစ်၊ (ဘ)ဦးမြင့်ရွှေ၊ ဗမာ/ဗုဒ္ဓ၊ မပတ-မရှိ၊ မှီခို၊ ဒါးပိန်ကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေထိုင်သူလို့ သိရှိရပြီး အုတ်စက်ဝင်းအတွင်းရှိ တောင်ထန်းမိုး၊ တောင်ထန်းကာ ဝါးကြမ်းခင်းထားတဲ့ (၁၂)ပေ ပတ်လည်တဲအိမ်အတွင်း အလျား (၁၂) ပေ၊ အနံ (၆)ပေ၊ အမြင့်(၂)ပေခွဲ ဝါးကွပ်ပစ် ခင်းထားပြီး ဝါးကွပ်ပစ်ကြမ်းခင်းမှ အမြင့်(၅)ပေခွဲခန့်ရှိ အမိုးဝါးတန်းမှာ ပန်းရောင် နိုင်လွန်ကြိုးကလည်ပင်းချည်လျက် ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရှိရပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ တွေ့ရှိမှုမရှိဘဲ လျှာထွက်လျှက်ရှိကာ သေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
မမူမူသိန်း သေဆုံးမှုနဲ့ ပတ်သက်လို့ ခင်ပွန်းဖြစ်သူ ဦးညွန့်ဝင်း၊ ၅၉နှစ် ၊ အုတ်စက်လုပ်သား၊ ဒါးပိန်ကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနေသူကို ရဲက စုံစမ်းစစ်ဆေးရာ အခင်းဖြစ်နေ့က ညနေ ၃ နာရီမိနစ် ၃၀ အချိန်ခန့်မှာ အုတ်စက်အတွင်း အလုပ်လုပ်ပြီး နေအိမ်တဲဆီကို ပြန်လာစဉ် ဇနီးဖြစ်သူ မမူမူသိန်းအား တဲအတွင်း ကြိုးဆွဲချသေဆုံးနေလျှက်သား တွေ့ရှိရတာကြောင့် ရာအိမ်မှူးထံ အကြောင်းကြားခဲ့ ကြောင်း၊ သေဆုံးသူ မမူမူသိန်းမှာ ခင်ပွန်းဖြစ်သူနဲ့ အတူနေထိုင်ပြီး ပန်းနာရင်ကြပ်၊ လေးဖက်နာရောဂါရှိကာ ခြေလက်တွေ ဖောရောင်နေပြီး အလုပ်မလုပ်နိုင်ကြောင်း၊ ကျန်းမာရေးမကောင်းတာကြောင့် မကြာခဏဆေးဝါးကုသမှု ခံယူနေသူဖြစ်ပြီး ပတ်ဝန်းကျင်မှာလည်း အကြွေးတွေတင်ရှိ နေကြောင်း ခင်ပွန်းဖြစ်သူ ဦးညွန့်ဝင်းမှ ပြောပြသိရှိရတယ်လို့ ဆိုပါတယ်။
သေဆုံးသူ မမူမူသိန်းရဲ့ ရုပ်အလောင်းကို ညနေ ၅ နာရီ အချိန်မှာ မှုခင်းဆေးစာနဲ့အတူ ပဲခူးပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ပြီး ဆေးရုံကြီးမှ PR-1 ဖြင့် လက်ခံထားရှိကာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် သိရှိနိုင်ဖို့ အင်းတကော် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၈/၂၀၂၅)ဖြင့် ရေးဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။
