၉.၁၂.၂၀၂၅
Written By Thandar
အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက မိဘမေတ္တာနဲ့ လူငယ်တွေရဲ့ချစ်ခြင်းဇာတ်လမ်းပုံစံ “မောင့်မိဖုရား” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားမှာ ဒေါ်မြညိုကာရိုက်တာပီပြင်အောင် အကောင်းဆုံးကြိုးစားထားတယ်။ အလှအပဆိုတာထက် မ ကိုယ့်ဇာတ်ရုပ်ပီပြင်ဖို့ မိတ်ကပ်အညိုတွေလိမ်း၊ သွားတွေရော လူဝအောင် ဝိတ်တွေ အရမ်းစားပြီး တင်ထားရတယ်။ အရင်ပေါင် ၁၅၀ ကျော်ကနေ ၁၈၀ အထိကို တက်အောင်လုပ်ခဲ့ရတယ်။ လူကလည်း သိမ်ငယ်စိတ်ဝင်အောင် ညှိုးငယ်နေအောင် လုပ်ပြီး သေချာလုပ်ပြီး ရိုက်ခဲ့ရတာပါ။ ဒေါ်မြညိုက ပေးဆပ်စွန့်လွှတ်အနစ်နာခံတဲ့ မိခင်မျိုးဖြစ်အောင် ကြိုးစားထားပါတယ်။ အကယ်ဒမီကတော့ ပေးရင်တော့လိုချင်တာပေါ့။ တကယ်တော့ ဒါက အနုပညာသမားတိုင်းရဲ့ မှတ်တိုင်ပဲမို့ပါ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။




အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း လူညိုချောနဲ့ မယ်မင်းဘုံ၊ ဇာတ်ညွှန်းသီလံတို့က ရေးသားပြီး ဒါရိုက် တာ မယ်မင်းဘုံက ရိုက်ကူးကာ သရုပ်ဆောင်တွေအနေနဲ့ တိုင်ရွန်၊ ဗညားဘုန်းပြည့်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ယုသန္တာတင်၊ ရတနာဗို၊ အကယ်ဒမီမြတ်ကေသီအောင်၊ အကယ်ဒမီ ခင်စိုးပိုင်၊ အကယ်ဒမီဝါဝါအောင်၊ သီဟတင်အောင်မိုး၊ အိမ့်ကြာဖြူ၊ ဒေါ်နန်းခမ်းဝါ၊ ဒေါ်ဒယ်ဘီ၊ စင်သီယာ၊ အေးမိုမိုဇော်၊ မင်းသိဒ္ဓိ၊ ထူးမြတ်၊ ရန်ပိုင်တို့ ပါဝင်ထားကြပါတယ်။
“မောင့်မိဖုရား”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ စတင်ပြီး မြန်မာတစ်ပြည် လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။
