နေမိုး
၉. ၁၂. ၂၀၂၅
PDF ထောက်ပို့အမျိုးသမီးတစ်ဦးက ငွေကြေးလိမ်လည်မှုကျုးလွန်သည်ဟု အခြားသော PDF လက်နက်ကိုင်များအဆိုအရ သိရချိန်မှ မိခင်တပ်ရင်းဖြစ်သော ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – ခမ်းကောင် (PNDF -KK) က တပ်ပြေးအဖြစ် ကြေညာလိုက်သည်။
ရဲဘော်သဲသဲ (ခ) မကေကေဦးဆိုသူအား တပ်ပြေးမှု ၊ တပ်ဖွဲ့အမည်အလွဲသုံးစားလုပ်မှု ၊ ငွေကြေးလိမ်လည်မှုနှင့် အခြားပြစ်မှုများကြောင့် တပ်ပြေးအဖြစ် သတ်မှတ်ကာ ဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်း PNDF – KK ၏ ဗဟိုစစ်ကော်မရှင်က ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။




PDF ရဲဘော် သဲသဲ (ခ) မကေကေဦး (နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် – ၁၂/ဗဟန(နိုင်)၁၀၃၂၇၇) သည် PDF ထောက်ပို့ဖြစ်ပြီး သူမ၏သတင်းကို တပ်မတော်ရရှိသွားသဖြင့် မလုံခြုံတော့ဟုအကြောင်းပြကာ ခိုလှုံလာကြောင်း၊ စောင့်ကြည့်ကာလအပြီး ယုံကြည်စိတ်ချရသော ကာလအရောက် တပ်ဖွဲ့ဝင်အမှတ် -၁၅၇၄ အဖြစ် မှတ်ပုံတင် စာရင်းရေးသွင်းကာ အသိအမှတ်ပြုပေးခဲ့ကြောင်း၊ မူလကထောက်ပို့လုပ်ခဲ့သဖြင့် ထောက်ပို့တာဝန်ပေးရန် တောင်းဆိုသော်လည်း တပ်ရင်းရုံးတာဝန်သာပေးခဲ့သဖြင့် သုံးလအကြာတွင် ကျန်းမာရေးအကြောင်းပြ နုတ်ထွက်စာတင်ခဲ့ကြောင်း၊ PNDF – KK က နှစ်နစ် တာဝန်ထမ်းဆောင်ပြီးမှ နုတ်ထွက်ခွင့်ပြုသော်လည်း သူမ၏ တင်ပြချက်အရ တပ်ရင်းသို့ ၁၄ ရက်တစ်ကြိမ် သတင်းပို့ပါမည်ဟု ကိုယ်တိုင်ဝန်ခံကတိပြုသဖြင့် ကျန်ရှိသော စစ်မှုထမ်းသက်အားလုံးကို ဆေးကုသခွင့်အဖြစ် ၂၀-၃-၂၀၂၅ ရက်နေ့တွင် သတ်မှတ်ပေးခဲ့ကြောင်း၊ သို့သော် တပ်ရင်းပေးသော နေရာတွင်မနေဘဲ အခြားနေရာကို ပြောင်းရွှေ့နေကာ ထိုအချိန်မှစ သတင်းမပို့တော့ကြောင်း၊ ရဲဘော်သဲသဲနှင့် ပတ်သက်၍ ကလလတ မှ ရဲဘော်တစ်ဦးက ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်း ကောင်၏ Facebook စာမျက်နှာမှတစ်ဆင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် လာရောက်ဆက်သွယ်ကာ “ရဲဘော်သဲသဲသည် တပ်ဖွဲ့ဝင်ဖြစ်သည်မှာ မှန်ကန်ပါသလား” ဟု မေးမြန်းခြင်းနှင့် တပ်ရင်း ၁၀၀၉ မှလည်း အလားတူ လာရောက်ဆက်သွယ်သည့်အခါတွင် တပ်ဖွဲ့တာဝန်ရှိသူများ အချင်းချင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရာ ရဲဘော်သဲသဲသည် တပ်ဖွဲ့၏ အမည်ကို အလွဲသုံးစားပြု၍လည်းကောင်း၊ တော်လှန်ရေးနယ်မြေတွင် လုံခြုံစွာ သွားလာနိုင်ရန် ထုတ်ပေးထားသော တပ်ဖွဲ့ဝင်ကတ်ပြားကို အသုံးချ၍လည်းကောင်း၊ စစ်ဘေးရှောင်များအချင်းချင်း စာနာထောက်ထားကူညီတတ်မှုကို အသုံးချ၍ လည်းကောင်း၊ စီးပွားရေးတွဲစပ်လုပ်ကိုင်မည်ဟု အယုံသွင်း၍ လည်းကောင်း အကြောင်းအရာ အမျိုးအမျိုးဖြင့် ငွေကြေးလိမ်လည်မှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ စစ်ဆေးပေါ်ပေါက်ကြောင်းကို မြေပြင်တပ်ရင်း တပ်ခွဲများမှ တာဝန်ရှိသူများသည် ဗဟိုရုံးအဖွဲ့မှူးမှ တစ်ဆင့် ဗဟိုစစ်ကော်မရှင်သို့ တင်ပြလာသည့်အတွက် ဗဟိုစစ်ကော်မရှင်က ရဲဘော်သဲသဲ၏ ကျူးလွန်မှုများအားလုံး အမှုအချင်းအရာများနှင့် တကွ စုံစမ်းဖော်ထုတ်ကာ နစ်နာခဲ့ သူများအတွက် တရားမျှတမှုရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရဲဘော်သဲသဲသည် တပ်ဖွဲ့၏ ဆေးကုသခွင့်ပါ ခံဝန်ကတိအတိုင်း ၁၄ ရက်လျှင် ၁ ကြိမ် သတင်းပို့ရန် ပျက်ကွက်မှု၊ ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်မှုတို့ကြောင့် တပ်ပြေးအဖြစ် သတ်မှတ်ကြောင်း၊ ရဲဘော်သဲသဲ၏ ကျူးလွန်ခဲ့မှုအားလုံးကို စုံစမ်းဖော်ထုတ်ရာတွင် ပေါ်ထွက်လာသော အချက်အလက် များအရ ပြုလုပ်မှု တစ်ခုချင်းကိုလိုက်၍ “ပြစ်မှုဖြင့်အလိုရှိသူ” အဖြစ် သတ်မှတ်ကြောင်းနှင့် ရဲဘော်သဲသဲအား တပ်ပြေးမှု၊ တပ်ဖွဲ့အမည်အလွှဲသုံးစားမှု၊ ငွေကြေးလိမ်လည်မှုများနှင့် အခြားပြစ်မှုများအတွက် တပ်ဖွဲ့မှ “အလိုရှိသူ” အဖြစ်ထုတ်ပြန်ကြေညာလိုက်ကြောင်း PNDF – KK ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
