သက်တံ့
၉. ၁၂. ၂၀၂၅
အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျကာတာရှိ ခုနစ်ထပ်အဆောက်အအုံတစ်ခုတွင် ယနေ့ အင်္ဂါနေ့ (ဒီဇင်ဘာ ၉ ရက်) နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၇ ဦး သေဆုံးကြောင်း အတည်ပြုခဲ့သလို အချို့မှာ အတွင်းတွင် ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံ ရုပ်သံလွှင့်ဌာန Kompas TV က သတင်းထုတ်ပြန်ခဲ့သည်။
မီးတောက်မီးလျံများသည် ခုနစ်ထပ်အဆောက်အအုံကို ဝါးမြိုနေသည်ကိုလည်း တွေ့ရှိရပြီးအဆောက်အအုံမှ လူများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးသည့် ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် မီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း Kompas TV က ပြောကြားခဲ့သည်။

အဆိုပါအဆောက်အအုံသည် သတ္တုတွင်းနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ဖောက်သည်များအတွက် လေကြောင်းစစ်တမ်းဆိုင်ရာ ဒရုန်းများ ပံ့ပိုးပေးသည့် Terra Drone Indonesia ၏ ရုံးဖြစ်သည်ဟုလည်း ကနဦးသတင်းများက ဖော်ပြသည်။
ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ယင်းကုမ္ပဏီသည် ဂျပန်ဒရုန်းကုမ္ပဏီ Terra Drone Corporation ထံမှ ရန်ပုံငွေကို ရရှိခဲ့သည့် ကုမ္ပဏီဖြစ်သည်။
Kompas TV မှ ထုတ်လွှင့်ခဲ့သော ဗီဒီယိုဖိုင်တွင် မီးသတ်သမား ဒါဇင်များစွာသည် ပိတ်မိနေသော အတွင်းရှိလူများကို ကယ်ဆယ်ရန် ကြိုးပမ်းနေကြပြီး အချို့မှာ အဆောက်အအုံထဲမှ အလောင်းထည့်အိတ်များကို သယ်ဆောင်လာသည်ကို ပြသထားသည်။
တာဝန်ရှိသူများက ကယ်ဆယ်ရေးနှင့် မီးလောင်မှုဖြစ်စဥ်ကို ဆန်းစစ်ဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်များ ထုတ်ပြန်နိုင်ခြင်းမရှိသေးချေ။
Ref: SCMP & CNA
